ဂါဇာမှာ အစ္စရေးက မြေပြင်ထိုးစစ်ကို အကန့်အသတ်နဲ့ စတင်

အောက်တိုဘာ ၊ ၂၈

အစ္စရေးဟာ ဂါဇာမှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်ပြီး မြေပြင်ထိုးစစ်ကို အကန့်အသတ်နဲ့ စတင်နေပြီ ဖြစ်ပါတယ်။

 အစ္စရေး စစ်တပ်က ဂါဇာနဲ့ နယ်စပ်တလျှောက် ဖြန့်ကျက်ထားတဲ့ တင့်ကားတွေနဲ့ ခြေလျင်တပ်တွေဟာ အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ စတင် လှုပ်ရှားနေပြီလို့ အတည်ပြုခဲ့သလို ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကလည်း ဂါဇာ ကမ်းမြှောင်နဲ့ အစ္စရေး နယ်စပ်တလျှောက် ထိုးဖောက်လာတဲ့ အစ္စရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း ကြေညာပါတယ်။

 အစ္စရေးဟာ ဂါဇာကို သီတင်းသုံးပတ်လောက် ဝန်းရံ ပိတ်ဆို့ထားလိုက်ပြီး ဟားမားစ်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲနေခဲ့ရာကနေ အခုတော့ မြေပြင်ထိုးစစ်ကို စတင် အသက်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။

 မြေပြင်တပ်တွေ လှုပ်ရှားလာခြင်းက အစ္စရေး စစ်တပ်ဟာ ဂါဇာကို အင်ပြည့်အားပြည့် ထိုးစစ်ဆင်တော့မယ့် အခြေအနေတွေကို ပိုမို မြင်သာလာစေပါတယ်။ ဂါဇာမှာတော့ လျှပ်စစ် ဓာတ်အားလိုင်းတွေ ဖြတ်တောက် ခံထားရလို့ မှောင်မိုက်နေတဲ့ အချိန်မှာ ပါလက်စတိုင်း ပြည်သူတွေဟာ ဖုန်းအဆက်အသွယ် မရလို့ Messageတွေ ပေးပို့ရုံနဲ့သာ သတင်းတွေကို စိုးတထိတ်ထိတ် နားစွင့်နေကြရပါတယ်။

 အစ္စရေး စစ်တပ်ရဲ့ အဆိုအရ လောလောဆယ်မှာ မြေပြင်တပ်တွေဟာ ဂါဇာကို အလုံးအရင်း ထိုးဖောက်ဝင်ရောက်တဲ့ အဆင့်မျိုး မဟုတ်သေးဘဲ နယ်စပ်တလျှောက်က ဟားမားစ် စစ်အခြေစိုက် စခန်းတွေကို စတင် ဖြိုခွဲနေတယ်လို့ သိရပါတယ်။

 အမှတ် ၁၆၂ သံချပ်ကာတပ်နဲ့ ဂီဗက်တီ ခြေလျင်တပ်မတို့ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေဟာ နောက်တဆင့် မြေပြင်ထိုးစစ်အတွက် လိုအပ်မယ့် အခင်းအကျင်းမျိုးကို ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။

 အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေ ဦးဆောင်တဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး အစ္စရေး ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့နောက် ဂါဇာမှာ စစ်မီးစတင် တောက်လောင်လာတာ ဖြစ်ပါတယ်။ ဟားမားစ်တွေဟာ အသက်အရွယ်စုံ ဓားစာခံ ၂၂၈ ဦးထက် မနည်းကိုလည်း ဂါဇာဖက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

 အစ္စရေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် ဟားမားစ်တွေရဲ့ စစ်ရေးပစ်မှတ် ၂၅၀ ကျော်လောက်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေး ရေတပ်ကလည်း ဟားမားစ်တွေရဲ့ ဒုံးကျည်ပစ်စင် နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

 ဟားမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးတွေ အများအပြား အပါအဝင် ပါလက်စတိုင်း ၇၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။