အောက်တိုဘာ ၊ ၂၈
” တလှိုင်းပြီး တလှိုင်း လာမယ်” ဆိုတဲ့ စကားရပ်ကို လူမှုကွန်ရက်တွေမှာ မကြာခဏ တွေ့မြင်ခဲ့ကြရမှာပါ။
“1027 Operation” ကို ရည်ညွှန်းပြီး ဂုဏ်ပြု ချီးကျူးကြတယ်လို့ သိရပါတယ်။
People’s Springရဲ့ တင်ဆက်မှုအရ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ကိုနိုင်ထူးအောင်က PDF တွေရဲ့ “တလှိုင်းပြီးတလှိုင်း လာမယ်”ဆိုတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ဖေစ့်ဘွတ်ခ်မှာ တင်ထား ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ တန်ပြန်ထိုးစစ်တွေဟာ တလှိုင်းပြီး တလှိုင်း လာမယ်ဆိုတာကို သတင်းစကား ပါးထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“1027 Operation” နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထု တရပ်လုံးကလည်း တကယ့်ကို နှစ်ထောင်းအားရ ဖြစ်ကြ တာကို တွေ့ရပါတယ်။ ကျွန်တော်လည်း အတော့်ကို အားရ ပီတိ ဖြစ်နေရပါတယ်။
ဒီလို အားရ ပီတိဖြစ်မှုနဲ့ အတူ “တလှိုင်းပြီး တလှိုင်းလာမယ်” ဆိုတဲ့ စကားရပ် အပေါ်မှာကျွန်တော့်ရဲ့ ခံစားချက် ဖြစ်တည်လာတာလေးတွေကို ဖွင့်ဟ တိုင်တည်ပါရစေ။
၁။ ပထမဆုံး အနေနဲ့ လှိုင်းဆိုတဲ့ သဘောက “ရှေ့တိုး လှိုင်း” (Forward Wave) ရော၊ နောက်ပြန် လှိုင်း (Reverse Wave)ပါ ရှိတယ် ဆိုတာကို သတိချပ်စေချင်ပါတယ်။
အခုဆိုရင် “1027 Operation” ရဲ့ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို “ရှေ့တိုး လှိုင်း”အဖြစ် သတ်မှတ်လို့ ရနိုင်ပါတယ်။
ဒီလို “ရှေ့တိုး လှိုင်း”ကို ပိုမို အရှိန်အဟုန် ကြီးမားလာစေဖို့နဲ့ “နောက်ပြန် လှိုင်း” အဖြစ် ပြန်လန်မကျစေဖို့ အား လုံး ဝိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မယ်။
ဒီတော့ ဖြစ်ပေါ် တိုးတက်လာတဲ့ “တော်လှန်ရေး ရှေ့တိုး လှိုင်း”ကို နောက်ပြန်မလန်စေဖို့အတွက် တော်လှန်သူ တိုင်းဟာ ကိုယ့်ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှုတွေကို ပိုမို အားစိုက်ထုတ်ကြရပါမယ်။
ဒါကြောင့် ခုခံတော်လှန် စစ်က ရဲဘော်တွေ တင်မက သပိတ်သမားတွေ၊ Clicker တွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးနဲ့ ကဏ္ဍအသီးသီးက တော်လှန်ရေးသမားတွေက တော်လှန်ပါဝင်မှု အရှိန်ကို မြှင့်ကြပါ။
၂။ ဒုတိယအနေနဲ့ “1027 Operation”အပါအဝင် နိုင်ငံရဲ့ နေရာအနှံ့က အခြေအနေတွေကို ကြည့်ရင် စစ်ရေး ဖြစ် ပေါ် တိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လာနေရပါပြီ။
တပြိုင်တည်းမှာ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုတွေကိုလည်း ထပ်ချပ်မကွာ လိုက်နိုင်စေဖို့ အားစိုက်သင့်လှပါပြီ။
ဒီတော့ နိုင်ငံရေး တာဝန်ရှိသူတွေက တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုကို အမှန်တကယ် ဂုဏ်ပြု ချင်ရင် နိုင်ငံရေး အကျပ်အတည်းတွေကို စိတ်ရင်း စေတနာ မှန်မှန်၊ လုပ်နည်းလုပ်ဟန် မှန်မှန် ကြိုးစားဖြေ ရှင်း ခြင်းဖြင့် သက်သေ ပြသသင့်ပါတယ်။
တော်လှန်ရေး အင်အားစုတွေကြားမှာ စေးနှောင်မှု အားကောင်းစေတဲ့၊ တော်လှန်ရေး အကျိုးစီးပွားကို ပိုမို ဆောင် ကြဉ်းနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အသစ်တွေကို ဖော်ဆောင်ဖို့ အားစိုက်သင့်ပါတယ်။
ဒါကြောင့် နိုင်ငံရေး တာဝန်ရှိသူတွေက စစ်ရေးလှုပ်ရှားမှုကို လက်ခုပ် လက်ဝါးတီးပြီး နောက်က လိုက်နေရသလို မဖြစ်ကြရလေအောင် အချင်းချင်းကြားမှာ မာန်မာနတွေ၊ ပညာခန်း ပြိုင်တာတွေကို လျှော့လို့ အမျှော်အမြင် ရှိရှိ၊ လက်တွေ့ကျကျ လက်တွဲ အဖြေရှာ ချီတက်ကြဖို့ ဆော်ဩချင်ပါတယ်။
၃။ နောက်ဆုံး အချက်အနေနဲ့က တော်လှန်ရေးရဲ့ လှိုင်းလုံးတွေနဲ့ အတူတကွ တော်လှန်ရေး ကဏ္ဍတိုင်းက တော် လှန်သူတွေဟာ ဟန်ချက်ညီ စီးမျောကြဖို့လိုပါတယ်။
ဒီကာလမှာ ချခင်းပေးနေကြရတဲ့ နာကျင်မှုတွေဟာ နောင်မျိုးဆက်တွေ အတွက် ပျော်ရွှင်မှု၊ ငြိမ်းချမ်းသာယာမှု တွေ ဖြစ်ထွန်းစေမယ့် မျိုးစေ့တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် လူတိုင်းဟာအသေအချာ ရုန်းကန်ပြီး တော်လှန်ရေး လှိုင်းတွေမှာ အားစိုက် ပါဝင်သင့်ပါတယ်။
အရင် ကာလတခုတုန်းက လှေကြုံစီးပြီး ရောယောင် လိုက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေလို မဟုတ်ဘဲနဲ့ အခု တော်လှန် ရေးမှာ လှိုင်းကြုံ မစီးဘဲ ရသမျှ အခြေအနေ၊ စွမ်းသမျှ ခွန်အား၊ ရှိသမျှ အရင်းအမြစ်တွေ အကုန် စိုက်ထုတ်လို့ နောက်ထပ် တော်လှန်လှိုင်းတွေ ပိုမို ဖြစ်ထွန်းဖို့ ဖော်ဆောင်ကြရမှာပါ။
ဒါကြောင့် “တလှိုင်းပြီး တလှိုင်း လာမယ်” ဆိုတာကို တကယ် အသက်ဝင်စေချင်ရင်၊ ထပ်လာမယ့် တော်လှန်လှိုင်း တွေကိုလည်း နောက်ပြန် လှိုင်း (Reverse Wave) မဖြစ်စေဘဲ “ရှေ့တိုး လှိုင်း” (Forward Wave) တွေပဲ ဖြစ်စေ ချင်ရင် “ခုခံတော်လှန် စစ်က ရဲဘော်တွေ တင်မက သပိတ်သမားတွေ၊ Clicker တွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးနဲ့ ကဏ္ဍအသီးသီးက တော်လှန်ရေးသမားတွေက တော်လှန်ပါဝင်မှု အရှိန်ကို မြှင့်ကြပါ”၊ “နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုတွေ ထပ်ချပ်မကွာ လိုက်နိုင်ဖို့ နိုင်ငံရေး တာဝန်ရှိသူတွေက အမျှော်အမြင် ရှိရှိ၊ လက်တွေ့ ကျကျ လက်တွဲ ချီတက်ပြီး အဖြေရှာကြပါ”၊ “တော်လှန်ရေး လှိုင်းကြုံ မစီးဘဲ အားကုန် စိုက်ထုတ်လို့ နောက်ထပ် တော်လှန်လှိုင်းတွေ ပိုမို ဖြစ်ထွန်းဖို့ ဖော်ဆောင်ကြပါ”လို့ တိုင်တည် တိုက်တွန်းလိုက်ရပါတော့တယ်။
ချစ်ဝင်းမောင် (မြေလတ်)
ည (၁၀:၃၈)မိနစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်