အောက်တိုဘာ၊ ၂၇
မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမနေ့မှာ ရှမ်းမြောက်ပိုင်းမှ စစ်ကောင်စီတပ်စခန်းနေရာ အမြောက်အများကို သိမ်းပိုက်ရရှိခဲ့ပြီး ချင်းရွှေဟော်ဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းအဖွဲ့တွေက အသီးသီး ထုတ်ပြန်ကြပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)နဲ့ ရခိုင့်တပ်တော် (AA)တို့ဟာ ဒီနေ့ မနက် လေးနာရီကနေစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုက စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေကို နေရာခွဲပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခဲ့ကြတာပါ။
ဒီနေ့ညနေ ငါးနာရီအချိန်ထိ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပြီးဖြစ်ကာ ဆက်ပြီးတော့ ထိုးစစ်ဆင်နေတယ်လို့ MNDAA က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းအဖွဲ့တွေ တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းနဲ့ စစ်ဆေးရေးဂိတ် အရေအတွက်ကို တိတိကျကျ ဖော်ပြထားတာ မရှိပေမယ့် ချင်းရွှေဟော်ဒေသတခုလုံးကို ထိမ်းချုပ်နိုင်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်တွေက ဆိုပါတယ်။
အလားတူပဲ TNLA အနေနဲ့လည်း ညနေ လေးနာရီထိ နမ့်ခမ်းမြို့နယ်အတွင်းရှိ (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနဲ့ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း M16၊ ငါးကြင်းမီး၊ MA4၊ MA3၊ 60MM၊ M9၊ RPG စတဲ့လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ တရာဝန်းကျင်၊ လက်နက်ကြီးကျည်ဆံ တရာကျော်၊ လက်နက်ငယ်ကျည်ဆံ တသောင်းခွဲကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ပစ်ဗုံး၊ ဗုံးသီး အလုံးပေါင်း သုံးရာဝန်းကျင်လည်း ရခဲ့တယ်လို့ TNLA နဲ့ MNDAA တို့ရဲ့ ထုတ်ပြန်ချက်အသီးသီးမှာ ဖော်ပြထားပါတယ်။
အဲဒီလို ထိုးဆင်စစ်တိုက်ခိုက်ခံရပြီး တရက်တည်းမှာ တပ်စခန်းအမြာက်အမြား သိမ်းဆည်းခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ၊ Mi-35 တိုက်ခိုက်ရေးရဟက်ယာဉ်၊ ဒရုန်းတွေသုံးကာ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေလည်း တဖက်တရုတ်နိုင်ငံ အတွင်းသို့လည်း ကျရောက်ပေါက်ကွဲမှုရှိပြီး တရုတ်နိုင်ငံသား ကလေးငယ် သုံးဦး သေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် VOA သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဒီနေ့ည ၈ နာရီဝန်းကျင်လောက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး လားရှိုး၊ ချင်းရွှေဟော်တို့အတွင်းက ဒေသခံ ထောင်ဂဏန်းဟာလည်း တိမ်းရှောင်နေကြရတယ်လို့ ဆိုကြပါတယ်။
” အခုထိ တအုန်းအုန်းနဲ့ ပစ်နေကြတုန်းပဲ။ ရဟတ်ယာဉ်တွေ ပျံနေတယ် ” လို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြင်ဦးလွင်ကနေ လားရှိုးမြို့ကို လေကြောင်းစစ်ကူ ပေးပို့နေသလို လားရှိုးမြို့ကတဆင့် ကွက်ခိုင်၊ ချင်းရွှေဟော် စတဲ့ဒေသတွေကိုလည်း ဆက်လက်ပြီး သံချပ်ကာကားတွေ၊ စစ်ကူတွေ ပေးပို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားနေရာတွေဆီ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တို့အတွင်းက ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ငါးဦးထက်မနည်း သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ တရုတ်-မြန်မာ နယ်စပ်အပါအဝင် နိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးအပါအဝင် ရည်ရွယ်ချက်တွေနဲ့ ထိုးစစ်ဆင်တာလို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီအလောင်း ၁၈ လောင်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးတခုလုံးအတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အလားတူပဲ ၁၀၂၇ စစ်ဆေးရေးအတွင်း မြောက်ပိုင်းသုံးဖွဲ့ဘက်က ထိခိုက်၊ ကျဆုံးမှု အရေအတွက်တွေကို ထုတ်ပြန်အသိပေးထားတာ မရှိပေမယ့် မနေ့ကတော့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် MNDAA မှ တပ်သားတဦး ကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – The Kokang/Social Media