အောက်တိုဘာ၊ ၂၇
အာဏာသိမ်းစစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို တချို့မြို့နယ်တွေမှာ ရုပ်သိမ်းပြီး ရန်ကုန်တိုင်းက မြို့နယ်တွေမှာတော့ အချိန်ဖြေလျော့မှုတွေ ပေးလိုက်တယ်လို့ DNA က စုံစမ်းသိရပါတယ်။
မကွေးတိုင်းက မင်းဘူးမြို့နဲ့ တပ်မ (၈၈) အခြေစိုက်တဲ့ မကွေးမြို့နဲ့ တပ်မ (၉၉) အခြေစိုက်တဲ့ မိတ္ထီလာမြို့နယ်တွေအပါအဝင် မန္တလေးတိုင်းက မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့ကလွဲရင် ကျန်တဲ့မြို့နယ်တွေနဲ့ ပဲခူးတိုင်းက မြို့တချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
” မကွေးမှာ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တယ်။ ထွေအုပ်က အသံချဲ့စက်နဲ့ လိုက်အော်တာလည်း ရှိတယ် ” လို့ အမည်မဖော်လိုသူ မကွေးဒေသခံတဦးက ပြောပါတယ်။
ညမထွက်ရအမိန့် ပယ်ဖျက်တဲ့ မြို့နယ်တွေမှာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမှုဆောင်ရွက်နေတာတွေ မရှိတော့ကြောင်း စိစစ်တွေ့ရှိရလို့ အခုလိုရုပ်သိမ်းတာလို့ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အဲဒီမြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ ကိုကိုးကျွန်းမြို့နယ်မပါဝင်ဘဲ ရန်ကုန်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီ သတ်မှတ်ထားရာကနေ မနက် ၁ နာရီကနေ ၃ နာရီအထိသာ သတ်မှတ်ဖြေလျော့မယ်လို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
” သီတင်းကျွတ်လပြည့်နေ့က ၂၉ ရက်ဆိုတော့ လူစည်တာ ပြချင်လို့ထင်ပါတယ် ” လို့ ရန်ကုန်၊ စမ်းချောင်းမြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မှာ အများပြည်သူစီးပွားရေး လုပ်ကိုင်ရာမှာ သွားလာမှု အဆင်ပြေဖို့၊ စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လုံခြုုံမှုဆိုင်ရာတွေ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး အခုလို လျော့ချသတ်မှတ်တာလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အောက်တိုဘာလ ၂၈ ရက် မနက်ဖြန်ကနေ ၃၀ ရက်အထိ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် စျေးရောင်းပွဲတော်တွေ ကျင်းပဖို့ ပြင်ဆင်နေတာလည်း ရှိတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားအဖွဲ့တွေက ဗုံးခွဲတာ၊ စစ်ကောင်စီ သတင်းပေး ဆိုသူတွေကို ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိသလို အောက်တိုဘာလ ၂၆ ရက် မနေ့ကလည်း မရမ်းကုန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ နှစ်သစ်ကူး ညမှာလည်း ရန်ကုန်အပါအဝင် မြို့နယ်တော်တော်များများမှာ ညမထွက်ရအမိန့်ကို တရက်တာ ယာယီပယ်ဖျက်ခဲ့ဖူးပါသေးတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်ကစပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ထိန်းချုပ်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလကစပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် နိုင်ငံအဝှမ်းက မြို့နယ်တော်တော်များများမှာ ည ၁၂ ကနေ မနက် ၄ နာရီအထိ တဖြည်းဖြည်းဖြေလျှော့ ပေးလာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက အခုလို ညမထွက်ရ စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်တာ၊ အချိန်ဖြေလျော့တာ ပြုလုပ်လာတာဟာ အဲဒီမြို့နယ်တွေ အေးချမ်းတယ်ဆိုတာ ပြသချင်တာနဲ့ ထိန်းချုပ်နိုင်စွမ်းရှိလာတာကို ပြချင်တဲ့အတွက် ပြုလုပ်တာလို့ ရန်ကုန်ဒေသခံတချို့က သုံးသပ်ပါတယ်။
” လာမယ့်နှစ်(၂၀၂၄ )မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ တဖြည်းဖြည်း လျှော့ချနေတယ်လို့ ထင်တယ်ဗျ ” လို့ တာမွေဒေသခံတဦးက ဆိုပါတယ်။
ဓာတ်ပုံ – AFP (ပုံဟောင်း)