ဒီပဲယင်းမှာ အရပ်သား ၁၅ ဦး ဖမ်းဆီးခံရပြီး ငါးဦးသတ်ဖြတ်ခံရ

အောက်တိုဘာ၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။
 
အင်အား တရာကျော်ပါဝင်တဲ့ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းဟာ အောက်တိုဘာလ ၂၆ ရက်မှာ သိမ္ဘာရွာကနေ ရှမ်းတောရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်သွားပြီး ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် စစ်ကြောင်းတလျှောက် ဖမ်ဆီးခေါ်ဆောင်သွားကာ ဆိုင်ကယ်ခုနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
” သိမ္ဘာကျေးရွာ နှင့် ရှမ်းတောကျေးရွာများဘက် ခေါင်းနဲ့ လက်ခြေဖြတ်အသတ်ခံရသူအပါအဝင် အသတ်ခံရသူ ငါးဦးထိ ရှိတယ် ” လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက် (SCN) တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။
 
အသတ်ခံရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ကိုကျော်က ဆိုပါတယ်။
 
သတ်ဖြတ်ခံသူတွေထဲမှာ ဒီပဲယင်းမြို့နယ် ရှမ်းတောရွာက ဒေသခံတဦးကတော့ စစ်ကောင်စီတပ်တွေ သိမ်းဆည်းထားတဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ် ခုနှစ်စီးကြားမှာ ညှပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်အတည်ပြုထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ရှားတောရွာခံ သုံးဦး၊ သိမ္ဘာရွာခံ တဦး၊ တခြားအရပ်သား နှစ်ဦး၊ ကန့်လန့်ရွာ နဲ့ ရှမ်းတောရွာက ကိုးဦး အပါအဝင် ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဟာ အရပ်သား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ရှမ်းတောရွာကနေ ဆပ်ပြာကျင်းကျေးရွာသို့ ခေါ်ဆောင်သွားပြီး ဆပ်ပြာကျင်းကျေးရွာမှတဆင့် အုန်းတင်ဘူတာသို့ ဦးတည်သွားနေတယ်လို့ Sagaing Scout Network – စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်က ကိုကျော်က ဆိုပါတယ်။
 
ဒီပဲယင်းမှာ စစ်ကောင်စီစစ်တပ်တွေက အောက်တိုဘာလ ၂၁ ရက်ကစပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး နေတဲ့အတွက် လက်တီးရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ ဘုရားထွက်ရွာ၊ အုန်းတင်ရွာ၊ ယင်းတွေရွာနဲ့ ဝပါရွာ အပါအဝင် ကျေးရွာ ၁၂ ရွာက ဒေသခံ တသောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။
 
အာဏာသိမ်းခံရတဲ့ အချိန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေက ဒေသခံနေအိမ် အလုံး ခြောက်ထောင်ကျော်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် စစ်ရှောင် တသောင်းကျော်မှာ နေရပ်သို့ မပြန်နိုင်ဘဲ စစ်ရှောင်စခန်းတွေမှာပဲ အခြေချနေထိုင်နေကြရပါတယ်။
 
ဓာတ်ပုံ – AFP