မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းမြောက်မှာ တပြိုင်တည်း ထိုးစစ်စတင်

 

အောက်တိုဘာ၊ ၂၇
 
မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ဟာ ဒီကနေ့မနက် လေးနာရီမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုက စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ပြီး ထိုးစစ်ကို တပြိုင်တည်း စတင်လိုက်ပါတယ်။
 
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ လားရှိုး၊ သိန္နီ၊ ကွက်ခိုင်၊ တားမိုးညဲ၊ မူဆယ်၊ ကွမ်းလုံ၊ ချင်းရွှေဟော် နဲ့ လောက်ကိုင် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
 
“ တိုက်တာကတော့ တပြိုင်တည်း တချိန်တည်း “Zero hour” ခေါ်ပြီး တိုက်တယ်လို့ ကြားတယ်၊ ထင်မထားတော့ စစ်တပ်လည်း အငိုက်မိသွားပုံရတယ် ”လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးဒေသခံတဦးက ပြောပါတယ်။
 
အဲဒီထိုးစစ်ကို အောက်တိုဘာလ ၂၇ ရက်မှာစတင်လို့ Opreation 1027 လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က အမည်ပေးထားပါတယ်။
 
ဒီစစ်ဆင်ရေးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က တိုင်းပြည်အာဏာသိမ်းအပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပထမဦးဆုံး အကြီးမားဆုံး စစ်ဆင်ရေး တခုလို့လည်း ပြောရမှာဖြစ်ပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အင်အားသုံးစစ်ဆင်တာ၊ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေကနေ ကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့ စစ်ဆင်ရေး စတင်လိုက်တယ်လို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကြေညာထားပါတယ်။
 
မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ လားရှိုးမြို့ အဝင်၊ အထွက် ဂိတ်နှစ်ခုစလုံးကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်တာလို့ လားရှိုးဒေသခံတွေက ပြောပေမယ့် အထိအခိုက်အကျအဆုံးတွေတော့ မသိရသေးပါဘူး။
 
ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ ချင်းရွှေဟော်မြို့ကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အကောက်ခွန်ရုံးက ရဲတော်တော်များများလည်း သေဆုံးသွားတယ်လို့ ပြည်တွင်းသတင်းတွေနဲ့ ဒေသခံတွေအဆိုအရ သိရပါတယ်။
 
🔸ချင်းရွှေဟော်ကိုထိန်းချုပ်
 
“ ချင်းရွှေဟော်က MNDAA ထိန်းလိုက်ပြီ ပြောလို့ရတယ်၊ စစ်တပ်နဲ့ MNDAA တွေပဲ ကျန်တော့တယ်မြို့ထဲမှာ ” လို့ ချင်းရွှေဟော်မြို့မှာ ဒါဇင်နဲ့ချီ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက တဦးက ပြောပါတယ်။
 
အဲဒီချင်းရွှေဟော်မြို့မှာ MNDAA အင်အား သုံးရာဝန်းကျင်ရောက်နေပြီး စစ်ကောင်စီတပ်ဘက်က အင်အားမရှိကြောင်းနဲ့ ဒေသခံတွေကတော့ “ဝ” ပြည်ဘက်ကို ထွက်ပြေးနေကြတယ်လို့လည်း အဲဒီပိတ်မိနေတဲ့သူက ဆိုပါတယ်။
 
“ စားသောက်ဆိုင်တွေလည်း အကုန်ပိတ်ထားကြတယ်၊ ဘာဆိုင်မှ မဖွင့်သလောက်ပဲ ပြောလို့ရတယ် ” လို့ သူက ဆက်ပြောပါတယ်။
 
ဒေသခံ လူမှုကွန်ရက်သုံးစွဲသူတချို့ကတော့ စစ်ကောင်စီတပ်တွေဟာ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်တွေဟာ သံချပ်ကာကားတွေနဲ့အတူ ချင်းရွှေဟော်မြို့ကို စစ်ကူသွားတာ တွေ့ရတယ်လို့ ပြောဆိုထားပါတယ်။
 
🔸လားရှိုး-မူဆယ်နဲ့ လားရှိုး-ချင်းရွှေဟော် လမ်းပိတ်
 
ဒါ့အပြင် လားရှိုး-မူဆယ်နဲ့ လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးကိုလည်း အရေးပေါ်ပိတ်လိုက်တယ်လို့ MNDAA က ကြေညာပြီး ဘယ်ယာဉ်ကိုမှ ဖြတ်သန်းခွင့် မပြုကြောင်းနဲ့ မလိုက်နာရင် ရန်သူ့ပို့ဆောင်ရေးယာဉ်တန်းအဖြစ် ပြင်းထန်စွာ တိုက်ခိုက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
 
“ MNDAA ထုတ်ပြန်ချက်တွေ့တော့ ကျွန်တော်လည်း (လားရှိုး)ကို ပြန်မဆင်းရဲဘူး၊ ပိတ်နေကြတယ်ဗျ ” လို့ အဲဒီခရီးသွားက ဆိုပါတယ်။
 
မြောက်ပိုင်းတပ်ဖွဲ့တွေဟာ လားရှိုး-ကွက်ခိုင် လမ်းကြောတလျှောက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးလိုက်ကြတယ်လို့လည်း အဲဒီဒေသခံတွေက ပြောကြသလို စစ်ကောင်စီရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီအခြေအနေတွေကို အတည်ပြုဖော်ပြကြပါတယ်။
 
“ (စစ်ကောင်စီတပ်)ဂိတ်တွေက သုံးလေးငါးမိုင်မှာ တဂိတ်လောက်ရှိတာ၊ အခု အကုန်ရှင်းပစ်ပြီကြားတယ် ” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
 
လတ်တလော မနက် ၁၁ နာရီအချိန်ခန့်အထိ သိန္နီ၊ လားရှိုး၊ ချင်းရွှေဟော် စတဲ့ မြို့နယ်တွေအပါအဝင် ရှမ်းပြည် မြောက်ပိုင်းက မြို့နယ်တွေမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါသေးတယ်။
 
ဓာတ်ပုံ – MNDAA/Social Media