ဂန့်ဂေါမြို့မှာ ဒေသခံတွေ ဆည်‌‌ရေမရအောင် PDF ပိတ်ဆို့ထားဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၁၉

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တောင်ခင်ရန်းမှာရှိတဲ့ တောင်သူတွေကို ဆည်ရေမပေးဘဲ ပိတ်ဆို့ထားတာကြောင့် တောင်သူတွေ အခက်အခဲဖြစ်နေတယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီသတင်း ကို စစ်ကောင်စီ လော်ဘီချန်နယ်တခုဖြစ်တဲ့ Naung Taw Lay ချန်နယ် ကနေ စက်တင်ဘာလ ၁၇ ရက်၊ မနက် ၉ နာရီကျော်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၂၆,၂၄၇ ဦး၊ Reaction ပြုလုပ်သူ ခုနှစ်ဦး၊ ပြန်လည်မျှဝေသူ ‌၂၂ ဦးအထိရှိကာ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ဆက်လက်ပျံ့နှံ့နေပါတယ်။

ပြန့်နှံ့လာတဲ့ သတင်းမှာ တောင်ခင်ရန်းရွာက တောင်သူတွေဟာ ဆည်ရေမရလို့ စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေကာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေအထိ ဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ ကာကွယ်ရေးတပ်တွေက နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်လို့ ဖြန့်ချိထားပါတယ်။

DNA Fact Check အဖွဲ့က ဖြစ်စဉ်ကို စစ်ဆေးကြည့်တဲ့အခါမှာ တောင်ခင်ရန်းဆည် တာဝန်ရှိသူ၊ ဒေသခံကာကွယ်ရေးတပ်နဲ့ ဒေသခံတွေကတော့ အဲဒီလိုဖြစ်စဉ် မရှိကြောင်း အတည်ပြုတဲ့အတွက် သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

DNAက တောင်ခင်ရန်းရွာ ဆည်ရဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာ ” PDFတွေက ရေနဲ့ပါတ်သတ်ပြီး ဝင်စွက်ဖက်တာမျိုး မရှိဘူးဗျ။ သူတို့ကတောင်မှ လိုအပ်တဲ့ နေရာမျိုးလေးတွေကို ကူညီပေးတာမျိုးတွေတောင် ရှိပါတယ်ခဗျ ” လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် အဲဒီတောင်ခင်ရန်းနယ်မှာ လှုပ်ရှားနေတဲ့ ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း (၃) ကလည်း သူတို့တော်လှန်ရေးတပ်အနေနဲ့ အခုလိုစွပ်စွဲတဲ့ ကိစ္စမျိုးလုပ်ဆောင်တာ မရှိဘူးလို့လည်း DNA ကို ပြောကြားပါတယ်။

” စစ်ဘေးရှောင်တွေလည်းရှိတဲ့ အခါမှာ ဆည်ကို အမှီပြုပြီး စိုက်ပျိုးစားနေတဲ့သူတွေလည်း ရှိတယ်။ အဲ့တာကြောင့် ဆည်က ရေကို အမြဲပဲလွှတ်ပေးထားတယ်။ လက်ရှိတောင် စပါးစိုက်ဖို့တောင် လုပ်နေကြတယ် ” လို့ ABSDF စစ်ကြောင်း (၃)၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ဆိုပါတယ်။

ဒါ့အပြင် တောင်ခင်ရန်းက ဒေသခံတွေက ရိက္ခာပြတ်လပ်တာ မရှိသလို အနီးနားက ပျူစောထီးရွာတွေမှာတောင် ဆည်ရေရရှိလို့ စိုက်ပျိုးနေကြတယ်လို့လည်း ပြောပါတယ်။

” ပြည်သူတွေ ရိက္ခာပြတ်တယ်ဆိုတာလည်း မရှိဘူး။ ရိက္ခာပြတ်တယ်ဆိုရင်တောင် ပျူစောထီးရွာတွေပဲ ရှိမယ်၊ ပျူစောထီးရွာတွေတောင်မှပဲ စိုက်လို့ ပျိုးလို့ ရသေးတယ်။ ဆားတို့၊ ငပိတို့၊ ဟင်းချိုမှုန့်တို့လို မီးဖိုချောင်သုံးပစ္စည်းတွေ ပြတ်နေတာပဲ ရှိတယ် ” လို့ ရဲဘော်ပြည့်ဖြိုးကျော်က ဆိုပါတယ်။

တောင်ခင်ရန်းဒေသခံတဦးကတော့ အဲဒီဒေသမှာ ရေမရတဲ့ နေရာမရှိဘဲ တောင်ယာစိုက်ပျိုးရတာလည်း အဆင်ပြေနေတဲ့အတွက် PDF တွေ ပိတ်ထားလို့ ဒေသခံတွေစိုက်ပျိုးဖို့ ရေမရဘူးဆိုတာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

” တောင်ခင်ရန်းမှာတော့ ရေမရမရှိရလေအောင် အနှံ့အပြား ပို့ထားပါတယ်ဗျ၊ တောင်ယာစိုက်ပျိုးရတာလည်း အဆင်ပြေပါတယ်ဗျ ရေမရဘူးဆိုတဲ့ တောင်သူတွေလည်း တယောက်မှ မရှိပါဘူးဗျ ” လို့ တောင်သူတဦးက DNA ကိုဖြေကြားထားပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာ ရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့နဲ့ DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်း အကြံပေးနိုင်ပါတယ်။