တိုက်ပွဲဖြစ်ခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီဝင်းထဲ ကျောက်လာယူသူတွေကို တပ်က ပစ်ခတ်ဖြိုခွင်း

အောက်တိုဘာ၊ ၂၆
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီ ဝင်းအတွင်းမှ ကျောက်တွေလာယူနေကြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ ထွက်ပြေးခဲ့ကြရသလို ကားနဲ့ ဆိုင်ကယ်ရာချီလည်း ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီကျောက်စိမ်းကုမ္ပဏီဝင်းထဲ စခန်းနေရာယူနေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညက KIA နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်မှု ရှိသလို ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပါတယ်။
 
KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ပွဲပြီးလို့ ပြန်ထွက်သွားချိန်မှာ ဒေသခံတွေ၊ ကျောက်ပွဲစားတွေနဲ့ ရေမဆေးလုပ်သားတွေဟာ ကုမ္ပဏီဝင်းထဲမှ ကျောက်တွေကို လာယူတဲ့အချိန် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
” လျှပ်တပြက် စစ်တပ်နဲ့ ရဲတွေရောက်လာပြီး သေနတ်တွေ၊ ဘာတွေ ဖောက်လိုက်တော့ လူတွေက လန့်ပြေးကုန်ကြတာ။ ကားတွေ၊ ဆိုင်ကယ်တွေ မယူရဲကြတော့ဘူး။ တပ်ကလည်း ဝင်းတံခါးကို ပိတ်ချလိုက်တယ်။ ဆိုင်ကယ်တွေ၊ ကားတွေက အထဲမှာ ကျန်ခဲ့တာပေါ့ ” လို့ နမ္မဖြစ်ရွာသားတဦးက DNA ကို ပြောပါတယ်။
 
ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းကတည်းက ကုမ္ပဏီဝင်းထဲမှာရှိတဲ့ ကျောက်တွေနဲ့ ပရိဘောဂပစ္စည်းတွေကို ကား၊ ဆိုင်ကယ်၊ သုံးဘီး တွေကိုယ်စီနဲ့ လာယူနေကြတာဖြစ်ပြီး နေ့လည် တနာရီကျော်လောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်လာခဲ့တာလို့ ဆိုပါတယ်။
 
စစ်ကောင်စီက ချိတ်ပိတ်၊ သိမ်းယူထားခဲ့တဲ့ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီ ဝင်းထဲမှာ တန်ဖိုးရှိ ကျောက်ကောင်းတွေ မကျန်တော့ဘဲ အလေးချိန်နဲ့ ရောင်းရမယ့် ဖြတ်သားကျောက်တွေပဲ ကျန်နေခဲ့တာလို့ ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတဦးက ပြောပါတယ်။
 
” ကျောက်တွေက အောက်ကျောက်တွေ၊ ကျောက်စုတ်တွေပါ။ အိတ်တွေနဲ့ ထုတ်ထားတဲ့ ကျောက်တွေ၊ ကျောက်ကောင်းတွေ မပါဘူး။ ခါးအောက်ကျောက်တွေပဲ။ ခါးသားတောင် သိပ်မပါဘူး။ ကုမ္ပဏီ သိမ်းထားတာ နှစ်နှစ်လောက်ရှိပြီဆိုတော့ ကောင်းတာတွေကို သူတို့ (စစ်ကောင်စီ) ရောင်းစားလိုက်ပြီလေ ” လို့သူက ပြောပါတယ်။
 
ခါးသားကျောက်ဆိုတာ “လက်ကောက်” ဖောက်လို့ အဆင်ပြေနိုင်တဲ့ ကျောက်ကို ခေါ်တာဖြစ်ပြီး ခါးအောက်ကျောက်ဆိုတာကတော့ “လက်ကောက်” ဖောက်ဖို့တောင် အဆင်မပြေနိုင်သေးတဲ့ မာကျောဆင့်နုနေသေးတဲ့ ကျောက်တွေကို ခေါ်တာလို့ ဆိုပါတယ်။
 
ကျောက်လာယူသွားခဲ့တဲ့သူတွေဆီမှာ ခေါင်းကျောက် (ကျောက်ကောင်း)တွေ တွေ့တယ်ဆိုတဲ့ သတင်းတွေလည်း မကြားရကြောင်း ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ ညနေပိုင်းအထိ ကုမ္ပဏီဝင်းထဲမှာ ရှိနေသေးပြီး သူတို့ပြန်သွားမှပဲ ဆိုင်ကယ်တွေ သွားယူလို့ ရနိုင်မယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ငွေကြေးထောက်ပံ့ကူညီမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဩဂုတ်အတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။
 
အဲဒီနောက် နမ္မဖြစ်ရွာရှိ ကုမ္ပဏီဝင်းအပါအဝင်မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားနဲ့ ဖားကန့်က ဦးကျော်သူရပိုင် နေအိမ်၊ ခြံ၊ စက်န္တယားတွေအပါအဝင် ကျပ် ၁၂ ဘီလီယံနီးပါးရှိတဲ့ ပိုင်ဆိုင်မှုတွေ စစ်ကောင်စီက သိမ်းဆည်းထားခဲ့ပါတယ်။
 
အဲဒီကတည်းက ကုမ္ပဏီဝင်းထဲမှာ စစ်ကောင်စီတပ်သားတွေ စခန်းချ နေရာယူနေခဲ့ကြတာလို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media