မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ငါးနာရီကြာ ဆက်တိုက်ပစ်ခတ်

အောက်တိုဘာ ၊ ၂၆
 
မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေပြီး စစ်အုပ်စုက နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ မြို့ထဲကနေ ဂွေးပင်ဖက်ကို လှမ်းပစ်နေတာ၊ တမြို့လုံးလည်း ဘယ်သူမှ အပြင်မထွက်ရဲဘူး ကြောက်နေကြတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
မိုးကုတ်မြို့အနောက်ဘက်အထွက် မန္တလေး-မြစ်ကြီးနား လမ်းပေါ်က ဂွေးပင်ကျေးရွာမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် တခုရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီဂိတ်ကို မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိပါတယ်။
 
ဒီကနေ့ မနက်ကိုးနာရီလောက်ကစလို့ စစ်ကောင်စီက မိုးကုတ်မြို့ပေါ်ကနေ အဲဒီဂွေးပင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာဖြစ်ပြီး တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
 
မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရဲစခန်း၊ ရွှေမြင်ဝင်းဘုန်းကျောင်း မှာရှိတဲ့ စစ်စခန်းနဲ့ ဂွေးပင်စစ်တပ်စခန်း တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်နေတာလို့ ကနဦးသိရပါတယ်။
 
လက်နက်ကြီးပစ်ခတ်မှုတွေကတော့ နေ့လယ်နှစ်နာရီနောက်ပိုင်းမှာ ပြန်ငြိမ်သွားတယ်လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။
 
မိုးကုတ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း အနီးမှာရှိတဲ့ ဗိုလ်ကုန်းရပ်နဲ့ စစ်တန်းရပ်တို့မှာ နေထိုင်သူတွေ၊ နှလုံးရောဂါသည်တွေနဲ့ ကြောက်လန့်တတ်သူတွေကို စစ်ကောင်စီတပ်က ပြောင်းရွေ့နေထိုင်ကြဖို့နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်မှာဖြစ်ကြောင်း အသိပေးပြောဆိုတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါ့အပြင် မြို့အရှေ့ပိုင်းက ညောင်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒီကနေ့ညနေ လေးနာရီလောက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
 
“ ညောင်ကုန်း (မှာ)တိုက်ပွဲဖြစ်တယ်လို့တော့ မကြားဘူးဗျ၊ ဘာအကြောင်းကြောင့် လာပစ်သလဲမသိဘူး၊ အရှေ့ပိုင်းကဖြစ်လည်း အကြီးအကျယ်မဟုတ်ဘူး၊ အနောက်ပိုင်းကတော့ တော်တော်ဖြစ်နေတယ် “ လို့ သူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ငါးရက်အကြာအောက်တိုဘာ ၂၁ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းက အထက်ညောင်ကုန်းကျေးရွာ အနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ရှစ်ဆယ်ကျော်အရွယ် သက်ကြီးအမျိုးသားတဦး ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
 
မိုးကုတ်မြို့နဲ့ လေးမိုင်ခန့်အကွာ ဖြူရောင်ရွာနဲ့ အထက်ညောင်ကုန်း ကျေးရွာတွေအနီး မိုးကုတ်-ကျောက်မဲ သွားကားလမ်းမတဝိုက်မှာ တအာင်းတပ်ဖွဲ့ တွေနဲ့အတူ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကတည်းကစလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။
 
ဓာတ်ပုံ – Google