အောက်တိုဘာ ၊ ၂၅
နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့စီစဉ်နေသလို အမျိုးသမီး ရှေ့နေတဦးကိုလည်း အမည်စာရင်းပေးထားတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက DNA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူမနဲ့ထောင်ဝင်စာတွေ့ခွင့်ကို အဂတိမှုနဲ့ စစ်ကောင်စီက ထောင်ချထားတဲ့ အရင်အစိုးရအဖွဲ့ရုံးဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးမင်းသူရဲ့ အမျိုးသမီး တရားလွှတ်တော်ရှေ့နေ ဒေါ်လွင်မေသိန်းကို နာမည်စာရင်းပေးထားတာရှိတယ်လို့ ဆိုပါတယ်။
“ ဦးမင်းသူရဲ့ ဇနီးကရှေ့နေလေ။ သူ့(နာမည်) ပေးထားတယ်လို သိတယ်။ ဒေါ်စုက နာမည်ပေးထားတာ အမှုတွေပြီးသွားတဲ့နောက်မှာပေါ့နော်။ ထောင်ဝင်စာကိစ္စတွေကျတော့ သူကပိုထိရောက်တယ် ။သူနဲ့ပို ဆက်စပ်မှုရှိတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။
ဦးမင်းသူဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၀ ဆင်းသူဖြစ်သူပြီး ဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့သူဖြစ်သလို ဇနီးဖြစ်သူ ဒေါ်လွင်မေသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုချင်းရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကတည်းက သုံးနှစ်ကျော် ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေ့ခွင့်ကို နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ မနေ့က စတင်ပြီး စစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ပက်သက်ပြီး ထောင်ဝင်စာတွေ့ခွင့် ပေး၊ မပေးဆိုတာနဲ့ ဘယ်သူတွေကို တွေ့ခွင့်ပေးမယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ပြောဆိုထားတာကိုတော့ မတွေ့ရသေးပါဘူး။
ထောင်ဝင်စာတွေ့ခွင့်ရဖို့အတွက် မိသားစုဝင်တဦးက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတွေအပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်တွေ လိုအပ်တယ်လို့ စစ်ကောင်စီက ကန့်သတ်ထားတာပါ။
စစ်တပ်က အာဏသိမ်းပြီးနောက် အသက် ၇၉ နှစ်အရွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုအတွက် ထောင်ဒဏ် စုစုပေါင်း၃၃ နှစ်အထိ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် အမှုပေါင်း ၁၉ ခုအနက်က တချို့အမှုတွေရဲ့ ပြစ်ဒဏ်တွေကို ပြန်လည် လွတ်ငြိမ်ခွင့်ပြုခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဖို့ ကျန်ရှိနေသေးတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နောက်ဆုံးအမိန့်ချကတည်းက သူမရဲ့ရှေ့နေ့အဖွဲ့နဲ့တွေ့ခွင့်ရတဲ့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလလောက်ကတည်းက စစ်ကောင်စီဆီထံမှာ ငါးကြိမ်တိတိ စာတင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပါဘူး။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေအဖွဲ့တို့ လူချင်းတွေ့ဆုံခွင့်မရတာ ဆယ်လကျော် ရှိပြီးဖြစ်သလို အစားအသောက်၊ ဆေးဝါးနဲ့ တခြားလိုအပ်တာတွေကိုတော့ စစ်ကောင်စီက အပတ်စဉ်တနင်္လာနေ့တိုင်း ပေးခွင့်ပြုပေးထားတယ်လို့သိရပါတယ်။
ရှေ့နေအဖွဲ့တောင်တွေ့ခွင့်မပေးခဲ့တဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ပက်သက်ပြီး မထောက်ခံဘူးဆိုတဲ့ ဝေခွဲရခက်တဲ့ စကားတွေကို ပြောဆိုခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်တာတွေတော့လုပ်ဆောင်ခဲ့ပါတယ်။
ထောင်ဝင်စာတွေ့ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ အရင်အစိုးရဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေနဲ့ ဒီချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ခွင့်ပြု ၊မပြုကိုတော့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။