ကော့ကရိတ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေ

အောက်တိုဘာ၊ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာအောက်တိုဘာလ ၂၄ ရက်၊ ဒီကနေ့ မနက် ၃ နာရီကျော်မှာ ဝင်းကြီးဘက်နဲ့ တတန်ကူးကနေ အင်အား ငါးဆယ်စီခန့်ပါဝင်တဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ တိုက်ခိုက်လာတဲ့အတွက် ကျားဖြူတပ်ခွဲ(၂)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊တပ်ရင်းရုံးကာကွယ်ရေးတပ်ဖွဲတွေနဲ့တိုက်ပွဲဖြစ်ပွားနေတာပါ။

“  ဒီကောင်တွေဘက်က စစ်ကြောင်းထိုးလာတာလေ ။ ဒီကောင်တွေတိုးလာတော့ ကျွန်တော်တို့က ပစ်တာပေါ့။ ဒီကောင်တွေဘက်က အကျအဆုံးများတယ်’’ လို့ ကျားဖြူတပ်ခွဲ၅ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်း( ၂၀၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းကို အပါအဝင် ခြောက်ဦးသေဆုံးခဲ့သလို ရှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

 ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ငါးယောက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးကတော့ စိုးရိမ်ရလို့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတဲ့အပြင် နေ့လယ် ၁နာရီလောက်မှာ လေကြောင်း ပစ်ကူငါးကြိမ်ပေးခဲ့တဲ့အတွက်တိုက်ပွဲအနီးမှာရှိတဲ့ ‌ဒေသခံတွေအနေနဲ့ စစ်ရှောင်နေရကြောင်း သိရပါတယ်။

“ဒီကောင်တွေတိုးလာတော့ ကျွန်တော်တို့ကပစ်တာပေါ့။ သူတို့ကလက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်တယ်။ လေကြောင်းနဲ့လည်းကူတယ်။ ကျွန်တော်တို့မှာလက်နက်ကြီးမရှိဘူး။ ကျွန်တော်တို့ရဲ့ Justice wing (ဒရုန်း)နဲ့ပဲပစ်တာ” လို့ အဲ့ဒီ့တာဝန်ရှိသူကပြောပါတယ်။

လက်ရှိအချိန်(ည ၇ နာရီ)အထိ  စစ်ကောင်စီတပ်တွေ နဲ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။

‘’ရန်သူနဲ့ငါတို့နဲ့က နီးနီးလေးပဲလေ။ဒီကောင်တွေဘက် အကျဆုံးများတယ်။ ဒီထက် ပိုများနိုင်တာတော့ ရှိတာပေါ့ ။တိုက်ပွဲမပြီးသေးဘူးဆိုတော့ “ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။