ရခိုင်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုအပြင် ဒေသခံတချို့ကိုပါ စတင်ဖမ်းဆီးလာ

အောက်တိုဘာ၊ ၂၄

အပစ်ရပ်ထားတဲ့ ရခိုင်မှာ စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းတာ၊ အင်အားပြလက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေသလို ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်း စလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“တပ်ရင်းကနေ ကားတွေနဲ့ သွားတယ်။ ဟိုရက်ပိုင်းကဆိုရင် ရာမောင်နားက စခန်းမှာ လက်နက်သေတ္တာတွေ ချထားခဲ့ကြတယ်။ မြောက်ဦးဘက်တွေ၊ တိုင်းဗဟို(၉)ဘက်တွေကိုလည်း စစ်ကားတွေ သွားကြတာရှိတယ်”လို့ မင်းပြားဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လိုင်ဇာမှာရှိတဲ့ ရခိုင့်တပ်တော်(AA)တပ်စခန်းတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပေါ် လက်တုံ့ပြန်မယ်ယ်လို့ AA ဘက်က ထုတ်ပြောပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ရခိုင်ပြည်တွင်း လှုပ်ရှားမှုတွေ သိသိသာသာ ဆက်တိုက်ရှိလာခဲ့တာဖြစ်ပါတယ်။

စစ်တပ်နဲ့ AA တို့အပစ်ရပ်ထားချိန် ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ AA တပ်စခန်းကို စစ်ကောင်စီဘက်က နှစ်ပတ်အတွင်း လက်နက်ကြီးပစ်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး AA ဘက်မှ ဗိုလ်ကြီး တဦး၊ တပ်သား တဦး သေဆုံးကာ တပ်သားဆယ်ဦးကျော် ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီလို လိုင်ဇာဘက်မှာ လက်နက်ကြီးပစ်ခတ်နေတဲ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာလည်း လူနေရွာတွေဆီ စစ်ကြောင်းထိုး သွားလာတာ၊ ရှေ့တန်းတပ်စခန်းတွေဆီ လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့ ဒေသဘက်တွေဆီလည်း စစ်ရေယာဉ်(နေဗီ)နဲ့ လက်နက်၊ ရိက္ခာ၊ စစ်အင်အားဖြည့်တင်းတာတွေ နေ့စဉ်လုပ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီလို လက်နက်၊ ရိက္ခာဖြည့်တင်းတာ၊ စစ်ကြောင်းထိုးသွားလာတာ၊ လက်နက်ကြီးပစ်ခတ်တာစတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေခဲ့တဲ့ စစ်ကောင်စီတပ်ဟာ  အခုရက်ပိုင်းတွေမှာတော့ တင်းကြပ်တဲ့စစ်ဆေးမှုတွေနဲ့ ဒေသခံတွေကို ဖမ်းဆီမှုတွေကိုပါ လုပ်လာခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့ဇာတိဖြစ်ပြီး မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်(EPC)ဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၂၃ ရက်၊ ညနေပိုင်းက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်သားတွေက လာပြီး သူတို့နေတဲ့ ဝန်ထမ်းလိုင်းခန်းကို ဝင်ဖမ်းသွားတာ။ တောင်ပြိုလက်ယာစခန်းက စစ်သားတွေ လာဖမ်းတာလို့ ကြားတယ်။ AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းတာတဲ့”လို့ မောင်တောဒေသခံဝန်ထမ်းတစ်ဦးက DNA ကို ပြောပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း တောင်ပြိုလက်ဝဲရဲစခန်းမှာတာဝန်ကျတဲ့  ရဲတပ်သားတဦးကို AA ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

“ဒီလိုအပစ်ရပ်စဲထားတဲ့အချိန်မှာ လူထုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာတို့၊ ဖမ်းဆီးတာတို့ မလုပ်သင့်ဘူး”လို့ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်လာခဲ့တယ်လို့ လည်း ဒေသခံတွေက ဆိုကြပါတယ်။

“ကုန်တွေ၊ ဆန်တွေ ပါလာရင် အိတ်တွေအကုန် ချပြရတယ်။ လူဆိုရင်လည်း မှတ်ပုံတင်ပြမှပဲ သွားရတယ်။ မပြလို့မရဘူး။ ဆဲတယ်၊ ငေါက်တယ်။ တပတ်လောက်ပဲ ရှိပါသေးတယ် အဲလိုလုပ်နေတာ၊ တမင် ပြဿနာရှာချင်နေကြတာ”လို့ မောင်တောဒေသခံတဦးက မောင်တော – အငူမော်လမ်းပိုင်းက စစ်ဆေးမှုအခြေအနေနဲ့ ပက်သက်လို့ ပြောပါတယ်။

အလားတူ စစ်တွေ – ရန်ကုန်ကားလမ်းတလျှောက်မှာလည်း စစ်ဆေးမှုတွေ အရင်ကထက် တင်းကြပ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်ညကဆိုရင် စစ်တွေမြို့နယ် ကျောက်တန်းကြီးစစ်ဆေးရေးဂိတ်မှာ အချိန်အကြာကြီး စစ်ဆေးခံနေခဲ့ရလို့ ကြွီတဲ(ပိုက်ဆိပ်ကြီး)ရွာက မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးသွားခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်မတွေ၊ ရေတပ်စခန်းတွေမှာ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုတွေကိုလည်း ရက်ဆက်နီးပါး လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်ကဆိုရင်လည်း မင်းပြားမြို့နယ်မှာရှိတဲ့ အမှတ်(၉)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်နေခဲ့တယ်လို့ အနီးတဝိုက်ဒေသခံတွေက ပြောကြပါတယ်။

“လက်နက်ကြီးပစ်မယ်ဆိုတာ အသိလည်းမပေးဘဲ ဒီအတိုင်းပစ်တာ၊ အရင်ကဆိုရင် ဘေးနားကရွာတွေကို အသိပေးတယ်။ အခုက တမင်ခြိမ်းခြောက်ပြီး ပြည်သူတွေကိုကြောက်အောင် လုပ်တာလို့ ထင်တယ်”လို့ တိုင်းဗဟို(၉)အနီးရှိ မေလွန်းရွာမှ ဒေသခံတဦးက ပြောပါတယ်။

AA ပြောခွင့်ရ ဦးခိုင်သုခလည်း မြန်မာစစ်တပ်ဘက်က ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော် (ULA/AA)အပေါ် ဦးတည်ပြီး ရန်စမှုတွေ များလာရင် တော့ အခြေအနေပြောင်းသွားနိုင်တယ်လို့ DNA ကို ပြောထားပါတယ်။

AA နဲ့ မြန်မာစစ်တပ်တို့ဟာ ၂၀၁၈ ခု နှစ်‌ကုန်ပိုင်းကနေ တိုက်ပွဲတွေ စဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှာ အပစ်ခတ်ရပ်နေခဲ့ကြပါတယ်။

  စစ်တပ်အာဏာသိမ်းပြီး‌နောက် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး လေးလကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှာတော့ ဂျပန်နိုင်ငံနီပွန်ဖောင်းဒေးရှင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အလွတ်သဘောအပစ် ရပ်ခဲ့ကြပြန်ပါတယ်။

  အဲဒီကနေ တနှစ်နီးပါးကြာ အခုအချိန်အထိ ရခိုင်ပြည်နယ်အတွင်း AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဇူလိုင် ၄ ရက်ကလည်း ထိုင်း – ကရင်နယ်စပ်၊ ကရင်အမျိုးသားအစည်းရုံး(KNU) နယ်မြေအတွင်းရှိ AA တပ်စခန်းတခုကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ AA မှ တပ် သားခြောက် ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီး နှစ်ပတ်လောက်အကြာမှာတော့ ရခိုင်ပြည်တွင်း အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့အတူ စစ်တပ်နဲ့ AA တို့ ပစ်ခတ်မှုတွေ စဖြစ်ခဲ့ပြီး နှစ်နှစ်ခန့်ကြာ ရပ်တန့်နေခဲ့တဲ့ တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးဆိုပြီး ပြောနေပေမယ့် ဒီလိုလုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ဘဲ တိုက်ပွဲတွေသာ ဖြစ်လာနိုင်တယ်လို့ ဦးအောင်သောင်းရွှေက ထောက်ပြပါတယ်။

“ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းစွာနဲ့ စကားပြောပြီးမှ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့လိုတယ်။ အဲလိုမျိုးမလုပ်ဘဲနဲ့ လက်နက်အင်အားပြတာတို့၊ လက်နက်ကြီး ပစ်တာတို့ လုပ်နေမယ်ဆိုလို့ရှိရင် တိုက်ပွဲကတော့ ဖြစ်လာမှာပဲ။ ငြိမ်းချမ်းရေးကလည်း ရလာမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။” လို့ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးအောင်သောင်းရွှေက ပြောပါတယ်။