အောက်တိုဘာ၊ ၂၄
ကိုဗစ်ကာလ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကန့်သတ်ထားတဲ့ အကျဉ်းသားတွေ မိသားစုနဲ့တွေ့ဆုံခွင့် (ထောင်ဝင်စာတွေ့ခွင့်) ကို စစ်ကောင်စီက ဒီကနေ့မှာ စတင်ပြီး ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေထံက သိရပါတယ်။
“ ကလေးက အထဲမှာ အခုလို တွေ့ခွင့်ရမယ်ဆိုတာ မထင်တော့ ရုတ်တရတ်ကြီး ကိုယ့်ကိုမြင်လိုက်တော့ အရမ်းပျော်သွားတယ်။ သူထတောင်ခုန်တယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေး ကောင်းနေတာ တွေ့ရတဲ့အတွက် စိတ်ချမ်းသာပါတယ် ” လို့ မြင်းခြံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတဦးနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ရခဲ့သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကတည်းက သုံးနှစ်ကျော် ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေ့ခွင့်ကို နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ပြန်လည်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
မြင်းခြံအကျဉ်းထောင်မှာ ဒီကနေ့မနက်ပိုင်းမှာ အကျဉ်းသား မိသားစု ၇၅ စုကို ထောင်ဝင်စာတွေ့ခွင့် ပြုခဲ့သလို နေ့ခင်းပိုင်းမှာ အိမ်ထောင်စု ၂၅ စုကို ထပ်မံခွင့်ပြုပေးခဲ့တယ်လို့ မြင်းခြံထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ရသူက ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုရာမှာ တလကို တကြိမ် အကျဉ်းသားတဦးကို မိသားစုဝင် နှစ်ဦးအထိ တွေ့ဆုံခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ပြောပါတယ်။
အကျဉ်းထောင်တွေက အကျဉ်းသားမိသားစုတွေကို တန်းစီစနစ်နဲ့ ထောင်ဝင်စာတွေ့ခွင့် ပေးခဲ့တာဖြစ်သလို စစ်ကောင်စီ သတ်မှတ်ထားတဲ့ စည်းကမ်းချက် ငါးရပ်နဲ့ ကိုက်ညီသူတွေကိုသာ လက်တလော ခွင့်ပြုပေးသေးတယ်လို့ သူကဆက်ပြောပါတယ်။
ထောင်ဝင်စာတွေ့ခွင့်ရဖို့အတွက် မိသားစုဝင်တဦးက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတွေအပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်တွေ လိုအပ်တယ်လို့ စစ်ကောင်စီက ကန့်သတ်ထားတာပါ။
ဒါ့အပြင် တွေ့မယ့်သူဟာ သန်းခေါင်စာရင်းမှာပါတဲ့ မိသားစုဝင်ဖြစ်ရမယ်ဆိုပြီးလည်း ပါရှိပါတယ်။
“ တချို့ ပိုက်ဆံတက်နိုင်တဲ့ သူတွေကလည်း ဒီကနေ့မပြန်တော့ဘဲ အဆင်ပြေသလို တည်းခိုပြီး မနက်ဖြန်ဆက်တွေ့ကြမယ့်သူတွေ ရှိသလို ငွေကြေးမတက်နိုင်သူတွေကြတော့လည်း အချက်ငါးချက် မပြည့်စုံတော့ ပြန်သွားရတဲ့ သူတွေလည်း ရှိတယ် ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကျဉ်းထောင်တွေက လူဦးရေအပေါ်မူတည်ပြီး အိမ်ထောင်စု တရာကနေ ၁၂၀ ကြားအထိ ထောင်ဝင်စာတွေ့ခွင့် ပြုပေးနေတာဖြစ်သလို လူတဦးကို မိနစ် ၂၀ ကျော် တွေ့ဆုံခွင့်ရတယ်လို့ လည်း ဆက်ပြောပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကို စစ်ကောင်စီက ပြန်လည်ဖြေလျှော့ပေးခဲ့ပေမယ့် ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ပိတ်ထားရာကနေ အခုပြန်လည် ဖွင့်ပေးခဲ့တာပါ။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား မိသားစုတွေအတွက် ကန့်သတ်ချက်တွေထဲမှာပါတဲ့ ရဲစခန်းထောက်ခံစာ ယူဖို့ စိုးရိမ်မှုတွေ ရှိနေကြသလို သန်းခေါင်စာရင်းမှာပါတဲ့ မိသားစုဝင်ဖြစ်ရမယ်ဆိုတဲ့ အချက်တွေက အခက်အခဲဖြစ်စေတယ်လို့ ဆိုကြပါတယ်။
” တချို့ မိသားစုဝင်တွေက စီဒီအမ်လုပ်လို့၊ ဒါမှမဟုတ် တိမ်းရှောင်နေရတဲ့ သူတွေအတွက် အခက်အခဲ ရှိနိုင်ပါသေးတယ် ” လို့ မန္တလေး၊ အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – ပဲခူးတိုင်း၊ သာယာဝတီထောင်ရှေ့မှာ အကျဥ်းသားတွေနဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဥ်။