အောက်တိုဘာ ၊ ၂၃
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ နောက်ချန်ကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သုံးဦးနဲ့ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ပကဖသုံးဦးအလောင်းကို ရွာလမ်းမပေါ်မှာ တွေ့တယ် ။ဘုန်းဘွဲ့ရွာအနောက်ခြမ်းအိမ်တအိမ် ထဲမှာ မသန်စွမ်းအမျိုးသားအလောင်းတလောင်းထပ်တွေ့တယ်။သူကတော့ မပြေးနိုင်လို့ ယူဆရတာပေါ့။” လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူ အမျိုးသားတဦးကပြောပါတယ်။
အသတ်ခံရသူ လေးဦးဟာ ရွှေဘိုမြို့နယ်တိုက်နယ် (၅) ပကဖ တာဝန်ခံ ကိုယမ်းဘီလူးကျော်နဲ့ ဘုန်းဘွဲ့ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ ကိုမြင့်မိုရ်၊ ကိုဇော်ကြီး တို့နဲ့ အမည်မသိ မသန်းစွမ်းအမျိုးသား တယောက်ဖြစ်ပြီး အဲ့ဒီနေ့မှာ သဂြိုလ်ပေးလိုက်တယ်လို့သိရပါတယ်။
အင်အားတရာ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၄ ရက်က ရွှေဘို-မန္တလေးလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး ဘုန်းဘွဲ့ကျေးရွာစာသင်ကျောင်းမှာ ညအိပ်တပ်စွဲ့ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတပ်စွဲပြီးနောက် အောက်တိုဘာ ၁၅ ရက်၊မနက်ပိုင်းမှာ အဲ့ဒီစစ်ကြောင်းဟာ ဘုန်းဘွဲ့ကျေးရွာက တဆင့် စိုင်းနိုင်လေးကျေးရွာဘက်ကို ထွက်ခွာသွားချိန် ပကဖအဖွဲ့ဝင်လေးဦးဟာ နယ်မြေရှင်း လင်းရေး ဆောင်ရွက်ဖို့ ကျေးရွာထဲဝင်ရောက်ခဲ့တာမှာ တဦးသာလွတ်မြောက်ခဲ့တာပါ။
အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ အနီးအနား ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးနေပြီး နောက် အောက်တိုဘာ ၂၁ ရက်မှာ အောင်ချမ်းသာ ကျေးရွာက တဆင့် ပန်းလှိုင်(ပလိုင်း)မှာ ရှိတဲ့စစ်ကောင်စီ အထိုင်ချစခန်းကို ပြန်ရောက်သွားတယ်လို့သိရပါတယ်။
ကပဖအဖွဲ့ဝင်သုံးဦး သေဆုံးပြီး ခုနှစ် ရက်အကြာ အဲဒီစစ်ကြောင်းထွက်ခွာသွားချိန် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဝင်သွားတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း ရွှေဘိုမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဟာအနီး အနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ယင်းမာပင်ကျေးရွာက အမျိုးသားတဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။