မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားခေါ်ဖို့မရှိသေးဘူးလို့ ကိုရီးယားသံရုံးဖြေရှင်း

အောက်တိုဘာ၊ ၂၃

မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်ငန်းခွင်တွေအတွက် ခေါ်ယူဖို့ မရှိဘူးလို့ ရန်ကုန် မြို့မှာရှိတဲ့  တောင်ကိုရီးယားသံရုံးက ဒီကနေ့ အသိပေးထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကာလအလိုက် ရာသီပေါ်လုပ်ငန်းခွင်တွေမှာ ကာလတိုစာချုပ်နဲ့ လုပ်ကိုင်ဖို့ မြန်မာ လုပ် သားတွေကို ခေါ်ယူဖို့ရှိနေပြီး အမျိုးသမီးလုပ်သားတွေကိုပါခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့နောက် တောင်ကိုရီးယားသံရုံးက အခုလိုအသိပေးလာတာပါ။

“ပြည်နယ်သုံးခုကနေလည်း အလုပ်သမားခေါ်ဖို့တရားဝင်ပြောဆိုထားတာမရှိဘူးလို့ ပြည်နယ်တာဝန်ရှိသူတွေ ဆီကပြန်သိထားရတယ်”လို့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမား အရေးလှုပ်ရှားနေသူတဦးကလည်း DNAကို ပြောပါတယ်။

ရာသီချိန်လုပ်သားစေလွှတ်မယ့် ကိစ္စနဲ့ပတ်သက်လို့ လူမူကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ စာရွက်စာတမ်းတွေဟာ ကိုရီး ယားအစိုးရနဲ့မသက်ဆိုင်သလို ကိုရီးယားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရာသီချိန်လုပ်သားတွေနဲ့ပတ်သက်လို့ တစုံ တရာထုတ်ပြန်ကြေညာထားတာမျိုးလည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ တောင်ကိုးရီးယားကို ရာသီချိန်အလုပ်သမားတွေ စေလွှတ်မယ်ဆိုတာနဲ့ ပတ်သက်လို့ အချက် အလက်စာရွက်စာတမ်းတွေ အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတာကိုတွေ့နေရတယ်လို့လည်း တောင်ကိုရီးယားသံရုံး က ဆိုပါတယ်။

လတ်တလောလူမှုကွန်ရက်ပေါ်မှာ ကိုရီးယား​-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌနဲ့ ပြည်ခိုင်ဖြိုးပါတီ (နေပြည် တော်ကောင်စီ)ဥက္ကဌတို့ သြဂုတ်လအတွင်းတွေ့ဆုံခဲ့ကြရာမှာ ရာသီချိန်လုပ်သားတွေစေလွှတ်ဖို့ ပြောဆိုခဲ့ကြ တယ်ဆိုတဲ့ စာတစောင်ပျံ့နှံ့နေပါတယ်။

အဲဒီစာမှာ တောင်ကိုရီးယားနိုင်ငံရှိပြည်နယ်သုံးခုကလုပ်ငန်းခွင်တွေအတွက် မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သား တထောင်ကျော်ခေါ်ယူမယ့်အကြောင်းပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ(နေပြည်တော်ကောင်စီ)က အလုပ်သမားစေ လွှတ်လိုကြောင်း ပြည်နယ်တခုချင်းစီကိုတရားဝင်စာထုတ်ပေးဖို့တောင်းဆိုထားတယ်ဆိုပြီးဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ရာသီချိန်လုပ်ငန်းခွင်တွေအတွက်မြန်မာလုပ်သားတွေကို ခေါ်တော့မယ်ဆိုတဲ့သတင်းတွေ အရင်ကလည်း အလားတူထွက်ပေါ်ခဲ့ဖူးတာကြောင့် ရန်ကုန်မြို့က တောင်ကိုရီးယားသံရုံးဟာ ပြီးခဲ့တဲ့ ဇွန်လအ တွင်းကလည်း အခုလိုပဲ ထုတ်ပြန်ရှင်းလင်းခဲ့ပါသေးတယ်။

မြန်မာစစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ရာသီချိန်လုပ်သားတွေစေလွှတ်နိုင်ရေး ကြိုးစားနေ တယ်လို့ နိုင်ငံပိုင်မီဒီယာ(MRTV)ကို ပြောဆိုထားဖူးပါတယ်။

ရာသီချိန်လုပ်သားစေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MOUလက်မှတ်ရေးထိုးဖို့စီစဥ်နေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာ စေလွှတ်နိုင်ဖွယ်ရှိတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြောဆို ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကတော့ ရာသီချိန်လုပ်သားခေါ်ယူရေးအတွက် နှစ်နိုင်ငံကြား သဘောတူ ညီချက်MOUရေးထိုးထားတာမရှိသေးသလို အလုပ်သမားခေါ်ယူရေးကလည်းမဖြစ်နိုင်သေးဘူးလို့ အဲဒီနိုင်ငံရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ဆက်သွယ်မေးမြန်းချက်ကိုတုံ့ပြန်ဖြေကြားထားပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားအစိုးရနဲ့ ပြည်သူတွေဟာ စစ်ကောင်စီကိုအသိမှတ်ပြုလက်ခံထားတာမရှိတာကြောင့် စစ်ကောင်စီနဲ့ တောင်ကိုးရီးယားအစိုးရတို့ကြား MOUလက်မှတ်ရေးထိုးဖို့ဖြစ်နိုင်ချေနည်းပြီး စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ကိုရီးယားရောက်မြန်မာအရေးလှုပ်ရှားသူတွေကပြောပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ရာသီချိန်လုပ်သား အနေနဲ့အမျိုးသမီးလုပ်သားတွေကိုပါ ခေါ်ယူမယ်လို့ ဆိုတာကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်လိုသူတွေကြား စိတ်ဝင်စားမှုတွေရှိနေသလို အလုပ်အကိုင်သင်တန်း တွေကလည်း အဲ့ဒီလုပ်ငန်းအတွက်သင်တန်းဖွင့်လှစ်တာမျိုးတွေပါရှိနေတာပါ။

လက်ရှိမှာ မြန်မာလုပ်သားတွေဟာ တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ သွားရောက်နေကြတာဖြစ်ပြီး ကုန် ထုတ်၊ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေမှာလုပ်ကိုင်နေကြပါတယ်။