သရက်ချောင်း တိုက်ပွဲအတွင်း PDF နှစ်ဦးကျဆုံးပြီး ဒေသခံနှစ်ဦးလည်း ပစ်သတ်ခံရ

အောက်တိုဘာ၊ ၂၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင် နှစ်ဦးကျဆုံးပြီး ရွာခံလူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တခြားရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရငဲကို ပြန်လာတော့ ရွာအဝင်မှာပဲ မိုင်းဆွဲခံထိတာ။ ရွာထဲမှာလည်း တိုက်ပွဲဖြစ်သေးတယ်။ ကျတာကတော့ ဘုန်းကြီးကျောင်းနားက တိုက်ပွဲမှာ ကျတယ်ကြားတယ်” လို့ ရငဲရွာအနီး နေထိုင်သူ ဒေသခံတဦးက DNA ကို ပြောပါတယ်။

သရက်ချောင်းမြို့နဲ့ မိုင်နှစ်ဆယ်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းပေါ်မှာရှိတဲ့ ရငဲရွာထဲမှာ အခုနှစ် ဇွန်လအလယ်လောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားပြီး အနီးအနားရွာတွေကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်၊ မနက်ပိုင်းမှာတော့ ကမြိုင်ရွာဘက်ကနေ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရငဲရွာအဝင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း ရငဲရွာထဲရှိ လှည်းလမ်းတောင် ဘုန်းကြီးကျောင်းအနီး နှစ်ဖက်တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦးကျဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ ဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့ပြီး ကျောင်းထဲရှိနေတဲ့ ရဟန်းနှစ်ပါးနဲ့ ရွာခံလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ နောက်တရက် အောက်တိုဘာ ၂၂ ရက်မှာ ဖမ်းဆီးထားတဲ့ ရွာခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

“နှစ်ယောက်စလုံးက ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း အစကတည်းက နေကြတာ၊ စစ်ဆေးပြီးမှ ပစ်သတ်တာလို့ကြားတယ်။ ဘုန်းကြီးနှစ်ပါးတော့ ပြန်လွှတ်ခဲ့တယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ရွာခံနှစ်ဦးဟာ အသက် ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကိုဇော်မင်းထွေးနဲ့ နောက်အမျိုးသားတဦးဖြစ်ပြီး နှစ်ဦးစလုံးဟာ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ကျဆုံးပြီး သေနတ် နှစ်လက်သိမ်းဆည်းရမိတဲ့အကြောင်း ရုပ်အလောင်း လေးလောင်း၊ သေနတ် နှစ်လက် ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီလေးဦးထဲက နှစ်ဦးဟာ ဘုန်းကြီးကျောင်းထဲ အဖမ်းခံရပြီးနောက် ပစ်သတ်ခံလိုက်ရတဲ့ ကိုဇော်မင်းထွေးနဲ့ နောက်အမျိုးသားတဦးဖြစ်ပြီး နှစ်ဦးစလုံးဟာ သာမန်အရပ်သားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်တပ်က အဲတဝိုက်မှာပဲ ရှိသေးလို့ အလောင်းတွေလည်း သွားမယူနိုင်သေးဘူး။ လေးလောင်းစလုံး ဘုန်းကြီးကျောင်းထဲမှာပဲ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျဆုံးတာနဲ့ တိုက်ပွဲအခြေအနေကို မေးမြန်းနိုင်ဖို့ အဲတဝိုက် လှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရငဲရွာထဲမှာပဲ ဆက်ရှိနေပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“သူတို့(စစ်တပ်) အရင်က စစ်ကြောင်းထိုးရင် လက်နက်ကြီးတွေပါ ပစ်ပြီးသွားတာ၊ အခုက ဘာအသံမှမကြားဘဲ ပြောက်ကျားပဲထိုးနေတာ၊ သူတို့ နယ်မြေလည်းတော်တော်ကျွမ်းသွားပြီ ဒီဘက်မှာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ရငဲရွာနဲ့ အနီးအနားတဝိုက် စစ်ကြောင်းထိုးသွားလာနေတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုလ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်အတွင်း ရငဲရွာက နေအိမ်သုံးလုံးအပါအဝင် နေအိမ် ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီတဝိုက် ရွာတွေဖြစ်တဲ့ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကတွဲ၊ ကမြိုင်စတဲ့ ရွာတွေက ရွာခံ သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာကနေ လမ်းပြအနေနဲ့ ဖမ်းလာတဲ့ လူငယ်အမျိုးသား သုံးဦးကို တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ပစ်သတ်ခဲ့ပါသေးတယ်။

ဒေသအတွင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စစ်တမ်းတွေအရတော့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တလအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။