အောက်တိုဘာ၊ ၂၃
“မလုပ်ရဲတာ ဘာမှမရှိဘူး”
ဒီစကားရပ်ပိုင်ရှင် ဘယ်သူလဲ။ ဒီစကားကို ဘယ်သူပြောခဲ့တာလဲ၊ ဘယ်တုန်းက ပြောခဲ့တာလဲဆိုတာ တကူးတက လိုက်မေးနေစရာမလိုအောင် လူတိုင်း သိကြပါတယ်။
ပေမမီဒေါက်မမီ ခြောက်လသားလေးရဲ့ စကားပေါ့။ သူအရူးအမူးဖြစ်ရတဲ့ သူ့ဘဝကို ခြောက်လတစ်ခါ သက်တမ်းတိုးပြီး အသက်ဆက်နေရတဲ့ ခြောက်လသား သတ်ချုပ်မအလဆိုတဲ့ တစ်ယောက်ပြောခဲ့တာပေါ့။ သူ့ကို ကျည်ကာ အင်္ကျီဝတ်၊ ချိတ်ထဘီစည်း ဘုရားစူးယောကျ်ားရင့်မာကြီးလို့ ကိုရင်က ထပ်ဆင့်ကင်ပွန်းတပ်ပေးလိုက်ပါရဲ့။
အဲဒီ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ စကားကို ပြောပြီးပြီးချင်းမှာပဲ အသက် (၇၀)ကျော်အရွယ် အမယ်အိုကို သေနတ်နဲ့ထောက်ပြီး ထိုင်ခုံလုခဲ့တာ သူပေါ့။ အပြောနဲ့ အလုပ် ညီအောင်လုပ်တဲ့သူလို့တောင် ချီးမွမ်းရဦးမယ်။ ပစ်ရင်သေတတ်တဲ့ လက်နက်လေးတွေ အားကိုးခဲ့တာတစ်ခုပဲ ပြောစရာရှိတယ်။
အဲဒီကနေ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားကို ဟစ်ကြွေးလို့ ဒုတိယမြောက်လုပ်ပြလိုက်တာကတော့ ပလာတာလုတာပါပဲ။ ပြည်သူ့မဲကို သေနတ်ပြလုယူရုံမက ပြည်သူ့ဆီက ပလာတာကိုပါ ပေါ်တင်လုပြီး ပြည်သူ့အသက်ကို ရန်ရှာတဲ့ မလုပ်ရဲတာ ဘာမှမရှိသူကြီးပေါ့။ “ပြည်သူ့ပလာတာ ပြည်သူ့ပြန်ပေး” လို့တောင် လူသိရှင်ကြား ဟစ်အော်တောင်းခံခြင်းခံရသူကြီးပေါ့။
မတရားမှုကို ခေါင်းငုံ့မခံနိုင်လို့ လမ်းပေါ်ထွက်လာတဲ့ အပြစ်မဲ့ပြည်သူလူထုကို လက်နက်အားကိုးနဲ့ ရက်ရက်စက်စက် သတ်ပြခဲ့တာလည်း သူပါပဲ။ “ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်” ဆိုတဲ့ ယတြာလေးတောင် တွဲလိုက်ပါသေးတယ်။
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆိုင်ကယ်ကယ်ရီသမား အစရှိတဲ့ ဆင်းရဲနွမ်းပါးပြည်သူတွေဆီက ဆိုင်ကယ်၊ ဆိုက်တွဲတွေသာမက ဆိုက်ကား၊ စက်ဘီးပါမကျန် အတင်းအဓမ္မ လုရဲတာလည်း သူပဲ။ အဲ့ဒီလို အတင်းအဓမ္မဝင်လုလို့ “မလုပ်ပါနဲ့ ဒါလေးဟာ ကျွန်တော်တို့ မိသားစုရဲ့ ဝမ်းရေးပါ” လို့ တိုးလျှိုးတောင်းပန်တာကို ခံပြောတယ်ဆိုပြီး နားရင်းပြေးအုပ်၊ ပါးဖြတ်ရိုက်၊ စစ်ဖိနပ်နဲ့ စောင့်ကန်လိုက်သေးတာလည်း သူပဲ။ သိတယ်မဟုတ်လား မလုပ်ရဲတာ ဘာမှမရှိတဲ့ ခြောက်လသားကြီးလေ။
“သေရဲတဲ့ကောင်ထွက်ခဲ့လို့” သေနတ်ကြီးကိုင်ပြီး ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ခြိမ်းခြောက်ပြလိုက်သေးတာလည်း သူပါပဲ။ ပလာတာလုရဲတာလည်း သူပဲ။ ထမင်းထုပ်ခိုးရဲတာလည်း သူပဲ။ စတိုးဆိုင်ဖောက်၊ ရွှေဆိုင်ဓားပြတိုက်ရဲတာလည်း သူပါပဲ။ သိတယ်မဟုတ်လား မလုပ်ရဲတာ ဘာမှမရှိတဲ့ ခြောက်လသားကြီးလေ။
“မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ စကားကို ဟစ်လို့ ကြက်တွေ၊ နွားတွေ၊ ငါးတွေ၊ ဆိတ်တွေ၊ ဝက်တွေနဲ့လည်း သွားတွေ့ခဲ့၊ စကားပြောခဲ့ပြီးပြီ။ နောက်ဆုံး စပါးပင်တွေနဲ့ပါ သွားတွေ့ခဲ့၊ စကားပြောခဲ့သေးတာ သူပေါ့။
နိုင်ငံအနှံ့က ပြည်သူလူထု နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေကို မီးလောင်တိုက်သွင်း၊ အိမ်တွေထဲက ရွှေ၊ ငွေကအစ ဒန်အိုး၊ ဒန်ခွက်အထိ အလစ်သုတ်တာလည်း သူပါပဲ။ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားကို သက်သေပြနေတာများ ထင်ထင်ရှားရှားလို့ ပြောရပါလိမ့်မယ်။
အနှီ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ သူ့စကားကို သက်သေပြလာလိုက်တာ အခုဆို အပြစ်မဲ့ပြည်သူလူထုရဲ့ နေအိမ်နဲ့ အဆောက်အအုံ စုစုပေါင်း ၇၅၀၀၀ ကျော် မီးတင်ရှို့ပြီးဖြစ်သလို ကလေးသူငယ်ကနေ သက်ကြီးရွယ်အိုအထိ ကျား/မ အရွယ်စုံ စုစုပေါင်း ၂၄၇၀၀ ဦးကျော် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး ၁၃၀၀ ဦးကျော်ရဲ့ အသက်တွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ ဆီစျေးတွေ တက်လို့ဆိုပြီး ဆီကုန်သည်တွေကို ဖမ်း။ ဆန်စျေးတွေတက်လို့ ဆိုပြီး ဆန်ကုန်သည်တွေကို ဖမ်း။ ဒေါ်လာစျေးတွေ တက်လို့ဆိုပြီး ဒေါ်လာရောင်းသူတွေကို ဖမ်း၊ ပြည်ပကနေ ပြည်တွင်းကို ငွေပြန်မလွှဲလို့ဆိုပြီး သေနတ်ထုတ်ခြိမ်းခြောက်၊ မီတာခ မဆောင်လို့ဆိုပြီး သေနတ်ထုတ်ခြိမ်းခြောက်၊ ဧည့်စာရင်းမတိုင်လို့ဆိုပြီး သေနတ်ထုတ်ခြိမ်းခြောက်နဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားအပေါ် စွမ်းစွမ်းတမံ သက်သေပြနေတာလည်း သူပါပဲ။ ကိုဗစ်ကာလတုန်းကဆို ပြည်သူလူထု အသက်လုနေရချိန် အောက်ဆီဂျင်တန်းစီလို့ ဆိုပြီးတောင် ဖမ်းပြ၊ နားရင်းရိုက်ပြ၊ သေနတ်ထုတ်ခြိမ်းခြောက်ပြလိုက်ပါသေးတယ်။ မယုံမရှိနဲ့ တကယ်ကို မလုပ်ရဲတာ ဘာမှမရှိတဲ့ လူစားမျိုး ဆိုသလိုပါပဲ။
ဆီတန်းစီတိုး၊ ဆန်တန်းစီတိုးစေတဲ့ မဆလ နေဝင်းခေတ်၊ နဝတ သန်းရွှေခေတ်တို့ဆီ ဘာယာဉ်မှ စီးစရာမလို၊ ဘာအချိန်ယန္တရားမှလည်း သုံးစရာမလိုဘဲ နေ့ချင်းညချင်း နောက်ကြောင်းပြန်ရောက်စေခဲ့တာလည်း “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ သူ့လက်ချက်ပါပဲ။
ဟော…အခုလည်း စျေးဝယ်စင်တာတွေ၊ စူပါမားကတ်တွေ၊ စျေးဆိုင်တွေကို သေနတ်နဲ့ထောက် ခြိမ်းခြောက်ပြီး မြန်မာဘီယာနဲ့တကွ တပ်ထုတ်ကုန်တွေကို မရောင်းမနေရ အတင်းအဓမ္မ အရောင်းခိုင်းပြန်ပြီတဲ့။ မတင်ဘူး၊ မရောင်းဘူးဆိုရင် ပါးစပ်ထဲရှိတဲ့ ဥပဒေဆိုတာကြီးနဲ့ပါ တွေ့သွားစေမယ်လို့လည်း ခြိမ်းခြောက်လိုက်ပြန်သေးသတဲ့။ ကဲ … အပြောနဲ့ အလုပ်ညီအောင် လုပ်ပြတတ်တဲ့ အာဂသတ္တိ အထူးရှိတဲ့ မလုပ်ရဲတာ ဘာမှမရှိသူကြီး စစ်စစ်ဖြစ်ကြောင်း ထပ်မံသက်သေထူလိုက်ပြန်ပါပြီ။
အနှီအာဂသတ္တိအထူးရှိတဲ့ မလုပ်ရဲတာ ဘာမှမရှိ ခြောက်လသားပုဂ္ဂိုလ်ကြီးဆီမှာ သူ့ရဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားကို ဆက်လက်၊ ဆက်လက် သက်သေထူပြဖို့တွေလည်း ကျန်နေပါသေးတယ်။ အဲဒါတွေထဲ ထိပ်ဆုံးက ပါလာမှာကတော့ မိုင်တဲလ်ဆင်းကတ်ကို မသုံးမနေရ သုံးရမယ်။ မသုံးရင် ဖမ်းမယ်။ နှစ်သောင်းကျပ်တန်ကို မသုံးမနေရ သုံးရမယ်။ မသုံးရင် ထောင်ချမယ်။ ဆင်မည်းကို ဆင်ဖြူလို့ လက်ခံပေးရမယ် လက်မခံရင် စစ်ကြောရေးပို့မယ်။ မာရဝိဇယကို မလာမနေရ လာရမယ်။ မလာရင် သေနတ်နဲ့ ပစ်သတ်မယ်ဆိုတာမျိုးတွေပေါ့။
အနှီမလုပ်ရဲတာ ဘာမှမရှိ ပုဂ္ဂိုလ်ကြီးရဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ မီနူးထဲ သူ့ရဲ့နောက်ဆုံးအချိန်မှာ လုပ်ကို လုပ်သွားမယ့် ကိစ္စတစ်ခုလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ်နဲ့ ထည့်သွင်းထားပါသေးတယ်။ အဲဒါကတော့ ဆဒမ်ဟူစိန်လို၊ ကဒါဖီလို ပြေးတာနဲ့ ပုန်းတာပါပဲ။
သိတယ်မဟုတ်လား မလုပ်ရဲတာ ဘာမှမရှိတဲ့ ခြောက်လသားပုဂ္ဂိုလ်ကြီးပဲလေ။
ကိုရင်နွေဦး