နွားထိုးကြီးမှာ လမ်းစစ်ဆေးနေတဲ့ PDF တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

အောက်တိုဘာ၊ ၂၂
 
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ လမ်းမပေါ်မှာ စစ်ဆေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား အောက်တိုဘာလ ၂၁ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
 
” သူတို့ဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ပြည်သူတွေကို အကာကွယ်ယူထားတာကြောင့် ခုခံပြီးပဲ ပစ်ခဲ့ရတာ ” လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
နွားထိုးကြီးမြို့နယ်ကနေ မြင်းခြံမြို့နယ်ကိုသွားတဲ့ သာယာကုန်းကျေးရွာအနီး လမ်းမပေါ်မှာ စစ်တပ်ထုတ်ကုန်တွေ သယ်‌ဆောင်လာတာကို စစ်ဆေးနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ စတင်လာရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ မြင်းခြံနဲ့ နွားထိုးကြီး မြို့နယ်ဘက်ကနေ စစ်ကြောင်းနှစ်ကြောင်း ခွဲလာတာဖြစ်ပြီး နွားထိုးကြီးမြို့နယ်ဘက်ကလာတဲ့ အင်အား နှစ်ဆယ်ကျော်ဝန်းကျင်ခန့် ပါဝင်တဲ့ စစ်ကြောင်းမှာ စစ်ဆေးဂိတ်ကို အရင်ရောက်ရှိလာပြီး အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲချိန် မိနစ်နှစ်ဆယ်ဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စနိုက်ဘာနဲ့ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ရဲတပ်သားတဦး၊ စစ်သားနှစ်ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတဦး ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
” သူတို့ဘက်က စစ်ကြောင်းထိုးလာတာ၊ နှစ်ကြောင်းဆိုတော့ အင်အားများလို့ ခုခံပြီး ပြန်ဆုတ်ခဲ့ရတာ၊ သူတို့က ပြည်သူတွေကို အကာကွယ်ယူ ပစ်နေတာကြောင့် ကျတော်တို့က လက်နက်ငယ် သိပ်မသုံးရဘူး၊ စနိုက်ဘာနဲ့ပဲ ပစ်ခဲ့ရတာ ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
တိုက်ပွဲဖြစ်ပွားချိန်မှာ ရပ်တန့်သွားတဲ့ အရပ်သားကားတွေကို အကာအကွယ်ယူပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
 
အခုလက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ အင်အားလျော့နေတဲ့ တိုက်ပွဲဖြစ်ပွားရာ တခြားစစ်မျက်နှာ မြို့နယ်တွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး အင်အားဖြည့်တင်းနေတာတွေ ဆက်လက်လုပ်ဆောင်နေပြီး နွားထိုးကြီးမြို့နဲ့ မြင်းခြံမြို့နယ်ဘက်မှာ စစ်ရေးအခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း