မူဆယ်မြို့မှာ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ အလောင်းသုံးလောင်း တွေ့ရှိ

အောက်တိုဘာ ၊ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လမ်းဘေးအမှိုက်ပုံ တခုမှာဆာလာအိတ်ထဲ လက်ပြန်ကြိုးတုပ်ပြီးထည့်ထားတဲ့ အမျိုးသမီးတဦး အပါအဝင် ရုပ်အလောင်းသုံးခုကို မနေ့က အောက်တိုဘာ ၂၁ ရက်မှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ ခြေလက်ကို ကြိုးချည်ပြီးမှ ဆာလာအိတ်ထဲထည့်ထုပ်ပြီး ပစ်သွားတာပေါ့။ကျွန်တော်တို့သွားတဲ့ အချိန် ရုပ်ပျက်ဆင်းပျက်ပဲ “ လို့  လက်ဖက်ညွှန့် လူမှု  ကူညီရေး အသင်းက တာဝန်ရှိသူ တဦးကဆိုပါတယ်။

သေဆုံးခဲ့သူ သုံးဦးဟာ အသက် သုံးဆယ် နဲ့ အသက် ငါးဆယ် အရွယ် သားအဖ အမျိုးသားနှစ်ဦးနဲ့ သူတို့ရဲ့ စာရေးမ ဖြစ်သူ အသက် နှစ်ဆယ်အရွယ် အမျိုးသမီးတဦးဖြစ်တယ်လို့  အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီ ရုပ်အလောင်းသုံး ခုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ တရုတ်ပြည်၊ ကျယ်ဂေါင် ကို ဈေးသွားဝယ်ရင်း ပျောက်ဆုံးနေခဲ့တဲ့သူတွေဖြစ်ပြီး ဆယ်ရက်အကြာမှာ မူဆယ်မြို့ ၊ ဟိုနောင်ကျေးရွာ၊ ကျင်းစန်ကျော့နယ်စပ်ဂိတ်သွားရာလမ်းမှာ ပြန်တွေ့ရှိတာပါ။

အသေးစိတ်အချက်အလက်ကို သိရဖို့ သေဆုံးသူရဲ့ ဇနီးကို DNA သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။

ရုပ်အလောင်းတွေကို တော့ လက်ဖက်ညွှန့်လူမှုကူညီ ရေး အသင်းနဲ့ မြင့်မြတ်ပါရမီအသင်းတို့ ပူးပေါင်းပြီး မူဆယ်ဆေးရုံ ရင်ခွဲရုံကို အောက်တိုဘာလ ၂၁ ရက်မနေ့က  ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်၊မြောက်ပိုင်း၊မြန်မာ-တရုတ် နယ်စပ်မူဆယ်မြို့မှာ  လက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားနေတာဖြစ်ပြီး ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုတွေ နဲ့ လူသတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Photo – လက်ဖက်ညွှန့်လူမှု ကူညီရေးအသင်း