ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းတိုက်ပွဲမှာ PDFနှစ်ဦးအပါဝင် ငါးဦးသေဆုံး

အောက်တိုဘာ ၊ ၂၂

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို အောက်တိုဘာ၂၂ရက်၊ ဒီကနေ့ မနက်၅နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)  နှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။

အဲဒီရဲစခန်းမှာ ရဲတပ်သားမရှိဘဲ စစ်ကောင်စီ စစ်သားတွေသာ အထိုင်ချထားခဲ့တာကြောင့် ကျောင်းသားတပ်မတော်(ABSDF)၊ KNU၊ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်သူနဲ့ကျွန်တော်တို့က အင်အားမမျှဘူး ။စစ်ကူမြန်တာလည်းပါတယ် ။စခန်းကအပြီးမရလိုက်ဘူး ။လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေကြတာဆိုတော့ ပြန်ဆုတ်လာကြတာ’’ လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဘီလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် အောင်ကိုနဲ့ KNLA ကရဲဘော်ကော်ပတ်တို့နှစ်ဦးအပါအဝင် စုစုပေါင်း ငါးဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ကူကြောင့်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ အင်အားက ခန့်မှန်းထားတာထက်ပိုများနေတာမလို့ ထိတွေ့မှုဖြစ်ပြီးပြန်ဆုတ်လာတဲ့ အချိန်မှာ ရန်သူရဲ့လက်နက်ကြီးပစ်ကူတဲ့ ၆ဝမမကရဲဘော်နှစ်ယောက်ကြားထဲကျပြီး ထိသွားတာ၊ တယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး နောက်တယောက်ကတော့ ပြန်သယ်ရင်း လမ်းမှာတင် ကျသွားတာ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က လည်း အထိခိုက် အကျဆုံးရှိနိုင်ပြီး အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီ ရဲစခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလတွေမှာ သွားရောက်တိုက်ခိုက်တာ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီတပ်အနေနဲ့ ခံစစ်ကို သေချာပြင်ဆင်ထားတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်ရာမှာ အခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။

“လက်ရှိရန်သူက ခံစစ်ကိုသေချာပြင်ဆင်ထားတာသဘောလို့မြင်ပါတယ်၊ အရင်လိုလွယ်လွယ်ကူကူ တိုက်ခိုက်လို့မရပါဘူး”လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

လက်ရှိမှာ တော့ အဆိုပါ စစ်ကောင်စီတပ်ဟာ ကင်းမွန်ချောင်း ရဲစခန်းအနီး ကားလမ်းတလျှောက် လုံခြုံရေး အပြည့်ချထားပြီး ကင်းပုန်းဝပ်နေတယ်လို့ လည်း ဆိုပါတယ်။