အရေးပေါ် ဆေးကုသဖို့လိုနေတဲ့ ကိုယ်ဝန်ဆောင်တဦး စစ်တပ်ဂိတ်မှာ တနာရီနီးပါးပိတ်မိခဲ့ပြီးနောက်သေဆုံး

အောက်တိုဘာ၊ ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ကိုယ်ဝန်ရှစ်လကျော်ရှိနေပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့ ကိုယ် ဝန် ဆောင်အမျိုးသမီးတဦးဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တနာရီလောက် စစ်ဆေးခံရင်းပိတ်မိခဲ့ပြီးနောက် သေဆုံး သွားတယ်လို့ မိသားစုနဲ့ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ် ကြွီတဲ(ပိုက်ဆိပ်ကြီး)ကျေးရွာက ဒေါ်ခင်ခင်လင်းဆိုသူ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ မနေ့ကည ဆယ်နာ ရီလောက်မှာ အသက်ရှုကြပ်လာတာကြောင့်မိသားစုဝင်တွေနဲ့အတူ စစ်တွေ ဆေးရုံကိုသွားခဲ့ပေမယ့် ကျောက်တန်းကြီးစစ်ဆေးဂိတ်မှာ တနာရီလောက်ကြာအောင်စစ်ဆေးခံနေခဲ့ရတာလို့ ဆိုပါ တယ်။

“ဟိုမေး၊ ဒီမေးနဲ့၊ လိုက်ပို့တဲ့သူတွေအကုန်လုံးကို နာမည်တွေ၊ မှတ်ပုံတင်တွေ၊ ဆွေမျိုးတွေရာ အကုန်စစ်နေတယ်။ ကိုယ်ဝန်ဆောင်တယောက်လုံး ပါနေတာတောင် သွားခွင့်မပြုဘူး၊ဆေးရုံရောက်ခါနီးမှ သေသွားခဲ့ရတယ်”လို့ ပိုက် ဆိပ်ကြီး ရွာသားတဦးက DNA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ အသက် ၂၉နှစ်အရွယ် ဒေါ်ခင်ခင်လင်းဟာ ကိုယ်ဝန်ရှစ်လကျော်ရှိနေပြီဖြစ်သလို မီးဖွားချိန်မှာ ခွဲမွေးဖို့ ဆရာဝန်ကညွှန်ကြားခံထားရသူလည်းဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ဆရာ၀န်က ဘယ်ချိန်လောက်ကတည်းက ထွက်လာကြတာလဲ၊ လမ်းမှာ ဘယ်လောက်ကြာခဲ့လဲ အဲလို မေးပါ တယ်၊ဆရာဝန်တွေပြောပုံအရဆိုရင် နောက်ကျသွားလို့ သေရတာပါ”လို့ မိသားစု၀င်တဦးက ပြောပါတယ်။

စစ်တပ်ဂိတ်ကစစ်ဆေးမှုတွေလုပ်ပြီးနောက် သွားခွင့်ပြုချိန်မှာ စစ်တွေမြို့က နာရေးကူညီမှုအသင်းတခုရဲ့ အကူ အညီနဲ့ ဆေးရုံကိုပို့ပေးဖို့ ဆက်ကြိုးစားပေမယ့် အသက်မမီခဲ့တာလို့ ဆိုပါတယ်။

မီးဖွားခါနီးကလေးနဲ့အတူ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ခင်လင်းကို မနက်ဖြန် အောက်တိုဘာ ၂၂ ရက်မှာ သင်္ဂြိုလ်မယ်လို့ မိသားစုက ပြောပါတယ်။

အရေးပေါ်အခြေအနေဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့မိသားစုဝင်တွေကို အဲ့ဒီလိုစစ်ဆေးခဲ့တဲ့ ကျောက် တန်းကြီးစစ်ဆေးရေးဂိတ်ဟာ စစ်တွေမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိပါတယ်။

ရခိုင်မှာတိုက်ပွဲတွေ စဖြစ်ကတည်းက ဖွင့်ထားတဲ့ အဲဒီကျောက်တန်းကြီးစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် အ ရာရှိတွေအပါအဝင် တပ်သား နှစ်ဆယ်ကျော်၊ ရဲတပ်ဖွဲ့ဝင်ဆယ်ဦးနီးပါးနဲ့ လ၀က ဝန်ထမ်းတချို့အထိုင်ချပြီး နေ့စဉ်စစ်ဆေးမှုတွေလုပ်နေတာပါ။

အာဏာမသိမ်းခင်၂၀၂၀ အပစ်ရပ်ကာလမှာ အဲ့ဒီဂိတ်က တင်းတင်းကျပ်ကျပ်စစ်ဆေးတာမျိုးမရှိပေမယ့် ၂၀၂၂ ခု တကျော့ပြန် တိုက်ပွဲအပြီးမှာတော့ ခရီးသွားတွေ၊ ခရီးသည်တင်ကားတွေအကုန်လုံးကို တင်းကျပ် တဲ့စစ်ဆေး မှုတွေ လုပ်နေတာလို့ ကိုယ်တိုင်စစ်ဆေးခံခဲ့ရဖူးသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီဂိတ်ကို နေ့စည် ညခုနစ်နာရီမှာ ပိတ်ချလိုက်လေ့ရှိပြီး ဖြတ်သန်းသွားလာသူမှန်သမျှကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှ သွားလာခွင့်ပေးတာလို့ စစ်တွေမြို့ခံတဦးကပြောပါတယ်။

“အရင်ကလည်း ကျောက်တန်းဂိတ်မှာပဲ ဒီလို သွားခွင့်မပြုလို့ သေသွားတဲ့လူနာတွေ အများကြီးရှိခဲ့တယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၁၈ နှောင်းပိုင်း ရခိုင်တိုက်ပွဲတွေစဖြစ်ကတည်းက ရန်ကုန် – စစ်တွေကားလမ်းတ လျှောက်နဲ့ ရခိုင်ပြည်တွင်း မြို့ချင်းဆက်လမ်းတွေမှာ စစ်ဆေးရေးဂိတ်ပေါင်း ဒါဇင်နဲ့ချီ ဖွင့်ထားခဲ့တာဖြစ်ပြီး အပစ် ရပ်ထားချိန်တွေမှာလည်း အဲဒီဂိတ်တွေကို ရုပ်သိမ်းတာ မရှိခဲ့ပါဘူး။

အဲဒီလို စစ်ဆေးမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း မသေသင့်ဘဲ သေခဲ့ရသူတွေအများအပြားရှိနိုင်တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့ သွားယူရတာတောင် စစ်ဆေးရေးဂိတ်မှာ ကြန့်ကြာနေလို့ ဆေးရုံအချိန်မီမရောက်ဘဲ သေသွား ခဲ့ရတာ လေးယောက်လောက်ရှိတယ်၊တခြားတွေလည်း အများကြီးရှိတယ်၊ဒါတွေက မဖြစ်သင့်ဘူး”လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ အပစ်ရပ်ခဲ့စဉ်က ကုန်စည်၊ ဆေးဝါး သယ် ယူခွင့်၊ သွားလာခွင့်တွေ ဖွင့်ပေးဖို့၊ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့စတဲ့နှစ်ဖက်နှုတ်ကတိသဘောတူညီ မှုတွေ ရှိခဲ့တယ်လို့ရခိုင့်တပ်တော်AAကပြောထားပါတယ်။

ဒါပေမယ့် တနှစ်နီးပါးကြာတဲ့အထိစစ်ကောင်စီကအခုလို တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်နေတာကြောင့် ကတိ ချိုးဖောက်ရာ ရောက်တယ် လို့ လွှတ်တော်အမတ်ဟောင်းတွေနဲ့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေ ကဝေဖန်ကြပါ တယ်။

“လုံခြုံရေးကို အကြောင်းပြပြီးတော့ ပြည်သူတွေကို ‌တော်တော်ဒုက္ခပေးနေတယ်၊မသေသင့်ဘဲသေ၊ မဆုံးသင့်ဘဲ ဆုံးရတယ်၊သူတို့လူမှုရေးလည်း မရှိ၊ လုပ်ချင်သလိုလုပ်၊အပေါ်ကလည်း သိချင်မှသိမယ်၊ လူတိုင်းကို AA လို့ပဲ မြင် နေတယ်၊အဲဒီလိုဆို‌တော့ ပြည်သူတွေ နစ်နာရတယ်”လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက် တာ ဦးမြတ်ထွန်းက သူ့အမြင်ကိုပြောပါတယ်။