မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ စစ်သားကို အမေရိကန်မှာ စွဲချက်တင်

အောက်တိုဘာ ၊ ၂၁

မြောက်ကိုရီးယား ပိုင်နက်ထဲ ထွက်ပြေး ဝင်ရောက်ခဲ့တဲ့ အမေရိကန် စစ်သားဟာ နေရပ်နိုင်ငံ ပြန်ရောက်ပြီးတဲ့နောက် စွဲချက်တင် ခံလိုက်ရပြီ ဖြစ်ပါတယ်။

ထရာဗစ်ကင်းဟာ ပြီးခဲ့တဲ့ လတုန်းက တောင်ကိုရီးယားကနေ နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားကို ဝင်ရောက်သွားခဲ့ပါတယ်။ သူ့ကို မြောက်ကိုရီးယားက ဖမ်းဆီးခဲ့တဲ့နောက် သံတမန်ရေးရာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အကျေအလည် ညှိနှိုင်းမှုတွေ အပြီးမှာတော့ မြောက်ကိုရီးယားက ကင်းကို နယ်နှင်လိုက်ပြီး တရုတ်ကနေတဆင့် အမေရိကန်ဆီ ပြီးခဲ့တဲ့လမှာ ပြန်လည် လွှဲအပ်ခဲ့ပါတယ်။ အခုတော့ ကင်းဟာ တပ်ပြေးမှု၊ ကလေးငယ် တဦးရဲ့ မဖွယ်မရာ ဓာတ်ပုံတွေ ပိုင်ဆိုင်မှု အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ကင်းထောက်စစ်သား တဦးဖြစ်တဲ့ ကင်းဟာ တောင်ကိုရီးယားမှာ တာဝန်ကျနေချိန် အကြမ်းဖက် ရန်လို တိုက်ခိုက်မှု တခုနဲ့ ဆက်စပ်ပြီး တရားရင်ဆိုင်ဖို့ အမေရိကန်ကို ပြန်ပို့ခံရချိန်မှာ လေဆိပ်ကနေ ထွက်ပြေးပြီး နယ်စပ်ကနေတဆင့် မြောက်ကိုရီးယားကို ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကင်းကို အမေရိကန်မှာ စွဲချက်တွေ ဘယ်နှခုတင်မလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် စွဲချက် ၈ ခုလောက်နဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် အမေရိကန် စစ်သားဟာ တပ်ပြေးကိစ္စ တခုတည်းနဲ့တင် ထောင်ဒဏ် ကျခံရဖို့ များနေပါတယ်။  သူဟာ Snapchatကို အသုံးပြုပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် တဦးရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို သိသိကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ရယူခဲ့တယ် ဆိုတာကိုပါ စစ်ဆေးတွေ့ရှိတဲ့နောက် အဲဒီကိစ္စနဲ့ပါ စွဲချက်တင်ခံခဲ့ရကြောင်းလည်း သိရပါတယ်။