လိုင်စင်မရှိဘဲ ထိုင်းပို့ပေးမယ်ဆိုပြီး ငွေလိမ်သူကို တိုင်ကြားပေမယ့် စစ်ကောင်စီဝန်ကြီးဌာနက အရေးမယူ

အောက်တိုဘာ၊ ၂၀
 
အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်ခံရတာနဲ့ပတ်သက်လို့ လိမ်လည်သူရဲ့လိပ်စာနဲ့တကွ တိုင်ကြားမှုတွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အရေးယူတာ မရှိဘူးလို့ နစ်နာခဲ့သူတွေက DNA ကိုပြောပါတယ်။
 
တိုင်ကြားချက်နဲ့ပတ်သက်လို့ နစ်နာတဲ့ အလုပ်သမားတွေကိုယ်တိုင် တရားရုံးမှာ တရားစွဲဆိုဖို့ အကြောင်းပြန်ကြားခဲ့တယ်လို့ သူတို့က ပြောပါတယ်။
 
စံပါယ်ဖြူ ထိုင်းဘာသာသင်တန်းကျောင်း ဖွင့်ထားတဲ့ ဒေါ်အေးကလျာ ဆိုသူက မကွေးတိုင်းရှိ အလုပ်သမား သုံးဆယ်နီးပါးကို ထိုင်းနိုင်ငံ ပို့ပေးမယ်ဆိုပြီး တဦးကို ငွေကျပ် သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်အထိ ရယူသွားတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
“ ဒီနှစ်ဆန်းပိုင်းလောက်က ငွေကို နှစ်သုတ်ပေးသွင်းထားရတာ၊ မသွားရ မသွားရနဲ့ ကြာမှ လိမ်မှန်းသိတာ ရွာဘက်က ပွဲစားကနေတဆင့် ချိတ်မိတာ၊ ယုံကြည်ရမယ်ထင်လို့ ” လို့ သူကပြောပါတယ်။
 
အဲဒီလို ငွေလိမ်ခံရသူ ၃၀ နီးပါးအထိ ရှိပေမယ့် အလုပ်သမား ၁၂ ဦးကပဲ သက်ဆိုင်ရာဌာနတွေဆီ တိုင်ကြားမှုတွေ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
 
အဲဒီလို အကျိုးဆောင်လိုင်စင်မရှိဘဲ အလုပ်သမားစေလွှတ်မယ်ဆိုတဲ့ ဒေါ်အေးကလျာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ကောင်စီအလုပ်သမားဝန်ကြီးနဲ့ ဌာနဆိုင်ရာ အကြီးကဲတွေဆီကို တိုင်ကြားခဲ့ပေမယ့် ကာယကံ ရှင်အလုပ်သမားတွေကိုယ်တိုင်ပဲ နစ်နာမှုအတွက် တရားစွဲဆိုဖို့ အောက်တိုဘာ ၁၈ ရက်မှာ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
 
“ ကိုယ်က အားကိုးလို့ တိုင်တာ၊ သူတို့က ကိုယ့်ဘာသာဖြေရှင်းဆိုတဲ့ သဘောကြီး ”လို့ ငွေလိမ်ခံရသူတဦးက ပြောပါတယ်။
 
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေမှာ အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပကို အလုပ်သမားစေလွှတ်ဖို့လုပ်ရင် ခုနစ်နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချနိုင်တယ်ဆိုပြီး ပြဌာန်းထားသလို သက်ဆိုင်ရာ အလုပ်သမားရုံးက တရားလိုအနေနဲ့ တရားစွဲဆိုရမှာ ဖြစ်ပါတယ်။
 
ဒါပေမယ့် အခုဖြစ်စဥ်အရ အလုပ်သမားရုံးက ကိုယ်တိုင်တရားစွဲဆိုရမယ့်ကိစ္စကို လျစ်လျူရှုလိုက်တာကြောင့် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးတွေရဲ့ လုပ်ပိုင်ခွင့် တာဝန်ပျက်ကွက်တာ ထင်ရှားပေါ်လွင်တယ်လို့ အလုပ်သမားရေးရာ စောင့်ကြည့်သူတွေက ဝေဖန်ပါတယ်။
 
“ စစ်ကောင်စီ အလုပ်သမားရုံးတွေက အလုပ်သမားတွေ ယုံကြည်မှု ရအောင်လုပ်ဖို့ နေနေသာသာ၊ ကိုယ့်လုပ်ပိုင်ခွင့်တောင် မလုပ်ဘဲ မှေးနေကြတာ၊ အလုပ်ရှင်နဲ့ ပေါင်းစား၊ လိမ်လည်သူနဲ့ လက်ဝါးချင်းရိုက်နေသလား မပြောတတ်ဘူး ” လို့ ပြည်တွင်းအလုပ်သမားအရေး စောင့်ကြည့်သူတဦးက ပြောပါတယ်။
 
တိုင်ကြားမှုတွေ ဖြစ်ပြီးနောက် စံပါယ်ဖြူ သင်တန်းကျောင်းဟာ နေရာတခုပြီးတခု ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ မြောက်ဒဂုံပင်လုံခန်းမနားမှာ သင်တန်းကျောင်း နောက်ဆုံးဖွင့်ခဲ့ပြီး အစဖျောက်သွားတယ်လို့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ငွေလိမ်လည်သူနဲ့ အလုပ်သမားတွေ ပြီးခဲ့တဲ့လပိုင်းက တွေ့ဆုံဖို့ ရှိတာကြောင့် နယ်မြေခံနယ်ရဲစခန်းကို အကြောင်းကြားပေမယ့် လိုက်မလာတာကြောင့် ငွေလိမ်သူဟာ လွတ်မြောက်သွားတယ်လို့လည်း လိမ်လည်ခံခဲ့ရသူတွေက ဆိုပါတယ်။
 
လက်ရှိမှာတော့ ငွေလိမ်လည်ခံရတဲ့ အလုပ်သမားတွေက ငွေပြန်လည်ရလိုကြောင်း တရားမမှုနဲ့ ဒဂုံမြို့သစ်ခရိုင် တရားရုံးမှာ တရားစွဲဆိုထားသလို သက်ဆိုင်ရာဌာနတွေကလည်း အရေးတယူ ဆောင်ရွက်ပေးဖို့ မျှော်လင့်နေတယ်လို့ နစ်နာသူတွေက ပြောပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – အထည်ချုပ်စက်ရုံတွေကို လေ့လာနေတဲ့ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်။