ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦးသေ၊ ဆယ်ဦးခန့် ပျောက်ဆုံးနေ

အောက်တိုဘာ၊ ၂၀
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းအနီးမှာ ဒီကနေ့ နေ့ခင်း ၂ နာရီလောက်က မြေစာပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦး သေဆုံးပြီး ဆယ်ဦးနီးပါး ပျောက်ဆုံးနေပါတယ်။
 
“ ဟိုတနေ့က ပြိုကျတဲ့နေရာနားမှာပဲ ထပ်ဖြစ်တာပေါ့။ အလောင်းတလောင်း တွေ့ထားတယ်။ ရှာဖွေရေးကတော့ မြေပြိုနေတုန်းမို့ လုပ်မရသေးဘူး “ လို့ လူမှုကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
မြေပြိုကျတဲ့အတွက် လုပ်ကွက်ရဲ့ အောက်ဘက် ရေမဆေးကျောက်ရှာနေတဲ့ မှော်မောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် သုံးဆယ်နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူတွေနဲ့ ပက်သက်ပြီး အတိအကျ မသိရသေးဘူးလို့ သူကဆိုပါတယ်။
 
အဲဒီလုပ်ကွက်ဟောင်း နေရာမှာပဲ ဒီလ ၁၈ ရက်က ရေမဆေးကျောက်ရှာဖွေသူ တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တဲ့ မြေစာပုံပြိုကျမှုအပြီး သုံးရက်အကြာမှာ အခုလို မြေပြိုကျမှု ထပ်မံဖြစ်ပွားလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ဩဂုတ်လ ၁၃ ရက်ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းတခုမှာ မြေပြိုမှု ဖြစ်ခဲ့တဲ့အတွက် ရေမဆေးရှာဖွေနေသူ သုံးဆယ်ကျော် သေဆုံးခဲ့ပါသေးတယ်။
 
ဖားကန့်မြို့ကို အနယ်အရပ်ရပ်က လူတွေလာရောက်ပြီး ရေမဆေးကျောက် ရှာဖွေတက်ကြသလို အခုလို မိုးတွင်းကာလမျိုးမှာ ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖော်မှု ရပ်နားထားချိန် ကျောက်ရှာဖွေသူတွေက ကုမ္ပဏီဝန်းတွေနား ဝင်ရောက်ရှာဖွေချိန် မြေပြိုကျမှု မကြာခဏ ဖြစ်ပွါးတတ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်း ထုတ်လုပ်ပေးနေတဲ့ ကချင်ပြည်နယ်မှာ မြေစာပုံ ပြိုကျလို့ တနိုင်တပိုင် ရေမဆေးကျောက်ရှာဖွေသူ အပါအဝင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ နှစ်စဉ် ရာနဲ့ချီပြီး သေဆုံးနေကြပါတယ်။
 
Global Witness လို့ခေါ်တဲ့ နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့ ကတော့ မြေစာပုံပြိုကျပြီး သေဆုံးတာဟာ အစိုးရက တာဝန်မဲ့ ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ ဖြစ်တယ်လို့ ၂၀၂၀ ပြည့်နှစ်က ထောက်ပြဖူးပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဖားကန့်မြို့နယ်၊ ဝေခါကျေးရွာ အနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းက မြေပြိုကျတာကြောင့် လူပေါင်း ၁၇၀ ထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီးမှာ Global Witness က ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media