အောက်တိုဘာ ၊ ၂၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ရိက္ခာသယ်ဖို့အတွက် နယ်မြေရှင်းလင်းရေး လုပ်ရင်း စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ လေးထောင်နီးပါး အရေးပေါ် စစ်ရှောင်နေရတာ နှစ်ပတ်ခန့်ရှိပြီလို့ စစ်ရှောင်ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“ အခုဟာလည်း ကျွန်းလှမြို့ပေါ်က ရိက္ခာပို့ရင်း နယ်မြေရှင်းလင်းတယ်လို့ ယူဆရတယ် ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီပျူစောထီးရွာ သုံးခုမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာပို့ဖို့ ဒီလ ၁၂ ရက်ကတည်းက စစ်ကြောင်းဝင်နေတာ ဖြစ်သလို လက်ရှိအချိန်အထိ စစ်ရှောင်နေရတဲ့ ဒေသခံတွေ ရွာနားကို ပြန်မကပ်နိုင်သေးဘူးလို့ သူကဆိုပါတယ်။
” အဓိကတော့ သူတို့ ကိုးတောင်ဘို့၊ ချပ်သင်း၊ ချပ်ကြီး ရွာမှာ အထိုင်စခန်း တွေရှိတော့ အရင်ကလည်း မကြာခဏ စစ်ကြောင်းထိုးတက်တယ်။ တလကို နှစ်ကြိမ်ထက်မနည်း ထိုးတာများတယ် ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့ မြောက်ခြမ်းမှာရှိတဲ့ ပျူစောထီးရွာတွေဖြစ်တဲ့ ချပ်ကြီး၊ ချပ်သင်း၊ ကိုးတောင်ဘ်ို့ ရွာတွေကို ရိက္ခာသယ်ဖို့ ကန့်ဘလူ-ကျွန်းလှ-ကောလင်း လမ်းပိုင်းကို ဒီလ ၁၂ ရက်မှာ ကင်းပုန်းဝပ် လုံံခြုံရေး စတင်ယူခဲ့တာပါ။
ဒါပေမယ့် အဲဒီလမ်းပိုင်းမှာရှိနေတဲ့ ကျေးရွာတွေကတော့ စစ်ကြောင်းဝင်မယ် သတင်းကြားကတည်း တပတ်လောက် ကြိုတင်စစ်ရှောင်နေရတဲ့အတွက် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးတာ နှစ်ပတ်ဝန်းကျင်အထိ ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။
” လွန်ခဲ့တဲ့ သုံးရက်လောက်က မိုးရွာသေးတယ်လေ။ အဲ့တုန်းကလည်း တညလုံး မိုးရွာထဲ ဖြစ်သလို နေလိုက်ရတယ်။ နောက်ရက်ကျတော့ နေတွေပြန်ပူလာတော့ ဖျားတဲ့သူကဖျားနဲ့ အတော်ဒုက္ခဖြစ်သွားတယ် ” လို့ အင်းမရွာက ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းကြောင့် ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ပင့်သာ၊ မကျည်းကုန်း(မ)၊ အုပ်ခင်း၊ ပင့်သာကြီး၊ ညောင်ကန်သာ၊ လှည်းပွဲ၊ တမာကုန်းနဲ့ ဆားကျင်ကျေးရွာက ဒေသခံ လေးထောင်နီးပါးဟာ နီးစပ်ရာကျေးရွာတွေအပြင် တောတွေထဲမှာ ယာယီတဲတွေထိုးပြီး စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ကန့်ဘလူရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် နေအိမ်အတွင်းမှာ ကျန်ရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူကဆိုပါတယ်။
” စစ်ကြောင်းလာမယ်ဆိုတာ သိပြီး လူတွေက ကြိုရှောင်ထားနိုင်လို့သာ ဖမ်းဆိီးသတ်ဖြတ်ခံရတာ မကြားမိတာပေါ့ ” လို့ အဲဒီတာဝန်ရှိသူကဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းတွေ အထိုင်ချထားတဲ့ ကိုးတောင်ဘို့၊ ချပ်သင်း၊ ပင့်သာ စတဲ့တိုက်နယ် သုံးခုမှာ အမြဲတမ်းစစ်ရှောင်နေရသူ တသောင်းခွဲကျော်ရှိပြီး လက်ရှိမှာ စားနပ်ရိက္ခာ လိုအပ်မှု အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် စစ်ရှောင်အရပ်သားတွေဟာ နယ်မြေမလုံခြုံမှုတွေကြောင့် စိုက်ပျိုးရေးကို ကောင်းစွာ မလုပ်ကိုင်နိုင်တာ၊ အရင်က အနီးအနားရွာတွေက အလှူခံရပေမယ့် အခု အလှူရှင် မရှိသလောက် နည်းသွားလို့ စားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းနေရတာလို့လည်း ဆိုပါတယ်။
“ ပြီးခဲ့တဲ့ အပတ်တုန်းက စစ်ရှောင်စခန်းတခုမှာ စားသုံးဆီပြတ်သွားလို့ အတော်ဒုက္ခရောက်သွားတယ်။ ဝယ်စရာကို သူတို့မှာ မရှိတဲ့သဘောဖြစ်နေတာပေါ့ ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – Infinity Group