အောက်တိုဘာ၊ ၂၀
ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေကြီးမှု နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။
” စွန့်ပစ်ပစ္စည်းတွေ၊ အညစ်ကြေးတွေနဲ့ဆိုတော့ ရေက တဖြည်းဖြည်းနဲ့ ပုပ်လာတယ်။ လူတွေကလည်း ရေထဲဖြတ်ပြီး သွားနေလာနေရတော့ ဒီရေတွေနဲ့ တောက်လျှောက်ထိတွေ့နေရတော့ ယားနာတွေ ဖြစ်လာတာ၊ ရေဝဲစားတာတွေ ရှိမယ်။ အနာစိမ်းတွေ ပေါက်လာတာလည်း ရှိမယ်ပေါ့နော် ” လို့ ဒေသခံတွေကို ကူညီပေးနေသူ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
လှည်းကူးမြို့ အနောက်ဘက် ငမိုးရိပ်ချောင်း တလျှောက်မှာရှိတဲ့ မလစ်အရှေ့၊ မလစ်အနောက်၊ အဝိုင်း၊ ရှမ်းရွာ၊ သိမ်ကုန်း နဲ့ ကင်မွန်းခြုံ ရွာတွေမှာ အခုလို အရေပြားရောဂါတွေ အဖြစ်များနေပြီး ဂျုံးဂျုံးကျ၊ ဘိုးရင်ကလေး၊ လက်ပန်၊ မုဆိုးညောင်ပင် ရွာတွေဘက်မှာလည်း ဖြစ်နေကြသူတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီလို အရေပြားရေဂါ ဖြစ်ပွားတာမှာ လူဦးရေ ငါးရာလောက်ရှိတဲ့ ရှမ်းရွာ တရွာထဲမှာ ရွာခံတဝက်လောက်အထိ အခုလို အရေပြားပြဿနာတွေ ဖြစ်နေကြတာလို့လည်း အဲဒီရွာခံတဦးက ပြောပါတယ်။
ပြီးခဲ့ စက်တင်ဘာ နောက်ဆုံးအပတ်လောက်ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အဲဒီရွာတွေဘက်မှာ လက်ရှိအချိန်ထိလည်း ရေအကုန်မကျသေးဘဲ တချို့နေရာတွေမှာ ခြေသလုံးကနေ ပေါင်ရင်းအထိ ရေမြုပ်နေတဲ့ နေရာတွေ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” အရေပြားရောဂါတွေက ရေကြီးပြီးကတည်းက ဖြစ်နေကြတာ၊ ခြေမှာပဲ ဖြစ်တာများတယ်။ ရွာတွေမှာက နွားမွေး၊ ဝက်မွေးရှိတော့ နွားချေး၊ ဝက်ချေးတွေကြောင့်လည်း ရေတွေမှာ ပြဿနာဖြစ်တာပေါ့ ” လို့ ရှမ်းရွာ ရွာခံတဦးက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီကျေးရွာတွေဘက်မှာ ဌာနဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ မရှိသလောက် ဖြစ်နေသလို အလှူရှင်တွေ
လာရောက်မှုလည်း နည်းပါးနေတယ်လို့ သိရပါတယ်။
” ဆေးတော့ လိုအပ်တာ ရှိတာပေါ့။ ဆေးအလှူရှင်က ဘယ်သူမှ ရောက်မလာဘူး။ ရွာတွေဘက် အများဆုံးရောက်တာတော့ ထမင်းထုပ်တို့၊ ရေသန့်တို့ပဲ ” လို့ အထက်ပါ ရှမ်းရွာ ရွာခံက ပြောပါတယ်။
လက်ရှိ အဲဒီရွာတွေဘက်မှာ မိုးရွာသွန်းတာ မရှိတော့ပေမယ့် ငမိုးရိပ်ချောင်းထဲ ရေပြည့်နေသေးတာနဲ့ ရေမြောင်းတွေကနေ ရေစီးဆင်းမှု အားမကောင်းတာကြောင့် အခုလို ရေကြီးတာတွေ ဆက်ဖြစ်နေတာဖြစ်နိုင်တယ်လို့လည်း သူကယူဆပါတယ်။
” အခုနောက်ပိုင်း လာလှူစေချင်တာက ဆေးဝါးတွေပေါ့နော်။ ယားနာဆေးတို့ ဘာတို့ပေါ့။ အနာစိမ်း လိမ်းဆေးတွေပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲလိုတွေလည်း ပိုလှူစေချင်တယ် ” လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဒါ့အပြင် ရေကြီးမှုနောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ကြိုတင်သတိပေးတဲ့ လုပ်ငန်းတချို့လည်း ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ သာမန် စက်ရုံအလုပ်သမားတွေ၊ လယ်သမားတွေ အများစုနေထိုင်ကြတဲ့ အဲဒီရွာတွေဘက်က ဒေသခံထောင်ချီဟာ ဆေးဝါးအကူအညီအပြင် အစားအသောက်အတွက် ရိက္ခာနဲ့ သောက်ရေသန့်လည်း အကူအညီ လိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Hlegu Information Centre