ဘာသာရေး ရဲတွေကြောင့် သေဆုံးခဲ့တဲ့ အီရန် မိန်းကလေးကို ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆု ချီးမြှင့်

အောက်တိုဘာ၊ ၂၀

ဥရောပ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အီရန် ဘာသာရေးရဲတွေ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့သူ မိန်းကလေးကို ရည်ရွယ် ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် မာဆာ အမီနီဟာ အစ္စလာမ်မစ်ရိုးရာ ဘာသာရေး ခေါင်းဆောင်းခြုံလွှာကို စနစ်တကျ မဝတ်ဆင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာသာရေး ရဲတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရချိန် အတောအတွင်း ရိုက်နှက် စစ်ဆေးရာက လက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။

တဟီရန်မြို့ပေါ်မှာ မိန်းကလေးငယ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ အီရန်မှာ အမျိုးသမီး၊ ဘဝနဲ့ လွတ်လပ်ခွင့်ဆိုတဲ့ အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုကြီးကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ အစိုးရက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ပြိုကွဲမသွားခင်ထိ အဲဒီ လှုပ်ရှားမှုကြီးမှာ အီရန်လူငယ် အများစု ဦးဆောင် ပါဝင်ပြီး ခေါက်ရိုးကျိုးနေတဲ့ ဘာသာရေး စည်းမျဉ်းတွေကို အတိအလင်း ဖီဆန် ပုန်ကန်ခဲ့ကြပါတယ်။ 

အခုနှစ်မှာ ဥရောပ သမဂ္ဂရဲ့ ဆာခါရော့ဗ် အတွေးအခေါ် လွတ်လပ်ခွင့် ဆုပေးပွဲ အခမ်းအနားမှာတော့ ကွယ်လွန်သူ အမီနီကို ဆုရရှိသူအဖြစ် ရွေးချယ်ကြောင်း ဥရောပ လွှတ်တော် ဥက္ကဋ္ဌ ရောဘတ်တာ မတ်ဆိုလာက ကြေညာခဲ့ပါတယ်။ အဲဒီဆုဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အာဏာရှင်ကို ဆန့်ကျင်သူတွေအတွက် ရည်ရွယ် ချီးမြှင့်တာပါ။

အမီနီကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဟာ အီရန်နိုင်ငံ သမိုင်းမှာ အမျိုးသမီးတွေ အဓိက ဦးဆောင်တဲ့ လှုပ်ရှားမှုကြီး စတင်လာစေတဲ့ သမိုင်းဝင် အချိုးအကွေ့ ဖြစ်ခဲ့ကြောင်း မတ်ဆိုလာက ပြောကြားသွားပါတယ်။

ကာ့ဒ်အနွယ်ဝင် အီရန် အမျိုးသမီးငယ် အမီနီဟာ တဟီရန်ကို ရောက်ရှိနေချိန် မနှစ်တုန်းက ဘာသာရေးရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး သေဆုံးတဲ့ထိ အကြမ်းပတမ်း စစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။ အီရန် အာဏာပိုင်တွေက အမီနီဟာ ကျန်းမာရေး ပြဿနာ အခံတွေကြောင့် သေဆုံးတာလို့ ပြောပေမယ့် မိသားစုကတော့ မိန်းကလေးသာ အသတ်ခံခဲ့ရတာလို့ အခိုင်အမာ စွပ်စွဲခဲ့ပါတယ်။

အမီနီ သေဆုံးမှုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကို အီရန် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့နောက် ဥရောပ သမဂ္ဂက အီရန် အစိုးရနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

အခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အီရန်နိုင်ငံသူ တဦးပဲဖြစ်တဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂျက်စ် မိုဟာမက်ဒီကို ချီးမြှင့်ခဲ့ပြီး သီတင်းနှစ်ပတ် အကြာမှာ အမီနီအတွက် ဆာခါရော့ဗ်ဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီဆုနဲ့အတူ ယူရို ၅ သောင်း ငွေသားကိုလည်း သတ်မှတ် ချီးမြှင့်ပြီး ဒီဇင်ဘာလကျရင် ဥရောပ ပါလီမန်မှာ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားကို အမီနီကိုယ်စား မိသားစုက တက်ရောက်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

 

Ref: BBC