အစ္စရေးဆီ ဦးတည်နေတဲ့ ဟိုသီတွေရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို အမေရိကန် စစ်ရေယာဉ် ကြားဖြတ်ပစ်ချ

အောက်တိုဘာ၊ ၂၀

ယီမင်နိုင်ငံကနေ အစ္စရေးဆီ ချိန်ရွယ် ပစ်ခတ်လိုက်တယ်လို့ ယူဆရတဲ့ ဒုံးကျည် ၃ စင်းကို အမေရိကန် ရေတပ် ဖျက်သင်္ဘော တစီးက ကြားဖြတ် ပစ်ချခဲ့ပါတယ်။

USS Carneyဟာ အစ္စရေး တောင်ပိုင်းက ပင်လယ်နီထဲမှာ ကင်းလှည့်နေရင်း အောက်တိုဘာ ၁၉ ရက်မှာ ယီမင် ပိုင်နက်ကနေ ပျံတက်လာတဲ့ ဒုံးကျည်တွေအပြင် ဒရုန်းတွေကိုပါ ကြားဖြတ် ပစ်ချခဲ့တယ်လို့ သိရပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာတော့ အမေရိကန် စစ်ရေယာဉ် တစီးက ကိုယ်တိုင် ပစ်မှတ်ထား ခံရတာမျိုး မဟုတ်ဘဲနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ကြားဖြတ် ပစ်ချတယ် ဆိုတာဟာ ရှားပါးလှတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

ယီမင်မှာရှိတဲ့ ဟိုသီ သူပုန်တွေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေဟာ အစ္စရေးကို ဦးတည် ချိန်ရွယ်ခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီလက်နက်တွေဟာ ရှည်လျားသွယ်လျတဲ့ ပင်လယ်နီ ရေပြင်အတိုင်း မြောက်ဖက်ကို ဦးတည် ပျံသန်းနေခဲ့တယ်လို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။ ပင်လယ်နီ မြောက်ပိုင်းမှာတော့ အစ္စရေးနိုင်ငံ တည်ရှိနေပါတယ်။

ဟိုသီတွေဟာ အစ္စရေးရဲ့ ရန်သူတော် အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားပြီး ယီမင် အစိုးရနဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ သူပုန် အဖွဲ့တခုပါ။ လောလောဆယ် အစ္စရေးဟာလည်း အီရန်က အားပေး ကူညီနေတဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ စစ်ခင်းနေရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေး-ဟားမားစ် စစ်ပွဲကို ဒေသတခုလုံး အတိုင်းအတာထိ ကျယ်ပြန့်မသွားအောင် ထိန်းချုပ်ဖို့ ကြိုးစားနေပြီး အရှေ့အလယ်ပိုင်း ဒေသဆီ ရေတပ်၊ လေတပ် အင်အားတွေ ဖြန့်ကျက် ပို့ဆောင်ထားပါတယ်။ ဟိုသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ အစ္စရေးကို ပစ်မှတ်ထားတာ မဟုတ်ဘူး ဆိုရင်တောင်မှ လက်ရှိ ထိလွယ်ရှလွယ် ကာလမျိုးမှာ အဲဒီလို ရန်လို ခြိမ်းခြောက်မှုမျိုးကို လက်ခံလို့ မရဘူးလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အမေရိကန် ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ ဟိုသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို USS Carneyက SM2 အမျိုးအစား ဒုံးကျည်တွေနဲ့ ကြားဖြတ် ပစ်ချခဲ့ပြီး ဒရုန်း ၈ စီးကိုလည်း ရေယာဉ်ရဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေက ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

 

Ref: AFP