ချောင်းဦးမြို့မှာ ရဲတပ်သားနှစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၀
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်ဖက်ရှိ ပျူစောထီးရွာဖြစ်တဲ့ ကံဇီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲတပ်သား နှစ်ဦးဟာ မနေ့က မနက်ပိုင်းက ရိက္ခာထွက်ရှာတဲ့အချိန် ပစ်ခတ်ခံရလို သေဆုံးသွားပြီး သေနတ်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ သူတို့ နှစ်ယောက်က ကံဇီးကနေ ဆိုင်ကယ်နဲ့ ရိက္ခာထွက်ရှာဖို့နဲ့ မိုင်းကြည့်ရင်း ထွက်လာချိန် ကျနော်တို့ လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တာပါ ” လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မုံရွာ ခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကံဇီးရွာဘေးမှာ ပစ်ခတ်မှုကြောင့် ရဲတပ်ရင်း (၂၆) က တပ်သားထွန်းကျော်စွာ နဲ့ အောင်ဆန်းမြင့် ဆိုသူနှစ်ဦး သေဆုံးခဲ့ပြီး တဦးမှာ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပေမယ့် ကျန်တဦးကတော့ ဆေးဝါးကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
 
“ တဦးကိုတော့ ကျနော်တို့ အရှင်ဖမ်းမိလာတာပေါ့။ စခန်းရောက်တော့ နာရီဝက်တော့ ဆေးကုသမှု ခံယူလိုက်သေးတယ်။ သူ့မှာရလာတဲ့ ဒဏ်ရာတွေနဲ့ သေသွားခဲ့တာပါ ” လို့ သူကဆက်ပြောပါတယ်။
 
စစ်ကောင်စီရဲတပ်ဖွဲ့ဝင် နှစ်ဦး ကိုင်ဆောင်တဲ့ G-3 အမျိုးအစား သေနတ် နှစ်လက်အပါအဝင် ဓားရှည်တချောင်း၊ ကျည်ဘောက်နဲ့ ကျည်ဆံတချို့၊ ဆိုက်ကယ်တစီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၅) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
 
အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၅)၊ (၇)၊ (၂၅)၊ (၂၈) စတဲ့ တပ်ရင်းနဲ့အတူ မီးတောက်တပ်ခွဲ (၄) တို့ ပူးပေါင်းပြီး ပျူစောထီးရွာကို စောင့်ကြည့် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပျူစောထီးရွာက ရဲတပ်သားနှစ်ဦး ပစ်ခတ်ခံရလို သေဆုံးခဲ့ပြီး လက်နက်တွေ ဆုံးရှုံးခဲ့တာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
 
ချောင်းဦးမြို့ အနောက်ဖက်မှာရှိတဲ့ ကံဇီး၊ ကင်းမွန်တော်၊ ကလပ်ကြီး စတဲ့ကျေးရွာသုံးခုမှာ စစ်ကောင်စီတပ်တွေက ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စခန်းချ တပ်စွဲထားတာ နှစ်နှစ် ကျော်လောက်ရှိပြီ လို့သိရပါတယ်။
 
အဲဒီပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးတပ်တွေက လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် အခုလို ခြုံခိုတိုက်ခိုက်တာတွေနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်တတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီရွာ သုံးခုမှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့အတွက် အနီးအနားက ရွာဆယ်ရွာလောက်ဟာ အမြဲတမ်း စစ်ဘေးရှောင်နေရသလို လူဦးရေအားဖြင့် သောင်းချီရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
 
ဓာတ်ပုံ – အမှတ်(၅)တပ်ရင်း၊ မုံရွာခရိုင်။