စတိုးဆိုင်ထဲက လူတူအရုပ်ပုံ ဟန်ဆောင်ပြီး ဖောက်ထွင်းမှု ကျူးလွန်ခဲ့တဲ့ အမျိုးသား

အောက်တိုဘာ၊ ၂၀

ပိုလန်နိုင်ငံမှာ ဖက်ရှင် အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေ အလှပြ ဝတ်ဆင်တဲ့ လူတူအရုပ်က ဖောက်ထွင်းမှု တရားခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။

ဖြစ်စဉ်ကတော့ အသက် ၂၂ နှစ်အရွယ် အမျိုးသားဟာ လူတူ အရုပ်အဖြစ် ပီပီပြင်ပြင် ဟန်ဆောင်ပြီး ဆိုင်ထဲမှာ နေခဲ့တဲ့နောက် လက်ဝတ်ရတနာတွေကို ဖောက်ထွင်း ခိုးယူခဲ့တာပါ။ ကံဆိုးချင်တော့ သူ့ရဲ့ အင်မတန် ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုက အောင်မြင်ခဲ့ပေမယ့် လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ အတိုင်းသား မှတ်တမ်းတင်ပြီး ဖြစ်နေခဲ့ပါတယ်။

သူဟာ ဝါဆောမြို့မှာရှိတဲ့ စျေးဝယ်စင်တာကြီးတခု ပိတ်ခါနီး အချိန်မှာ ဆိုင်တချို့ကို လှည့်ပတ် ကြည့်ရှုပြီး အရိပ်အခြေ ကြည့်နေခဲ့ပါတယ်။ ပြီးတော့ ဆိုင်ပိတ်ခါနီးမှာ ဖက်ရှင်ဆိုင် တခုထဲက တခြား လူတူ အရုပ်တွေနဲ့အတူ ရောနှောပြီး အိတ်တလုံးကို ကိုင်ရင်း ငြိမ်ငြိမ်လေး ဝင်ရပ်နေခဲ့တာပါ။

ဆိုင်ဝန်ထမ်းတွေက သူ့ကို သတိမထားမိသလို သံသယလည်း မဝင်ဘဲ ဆိုင်ပိတ်ခဲ့ပါတယ်။ နောက်တော့မှ သူက လက်ဝတ်ရတနာ ဆိုင်တန်းဖက် ကူးသွားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက စစ်ဆေးတဲ့အခါ သူဟာ နောက်ထပ် စျေးဝယ်စင်တာ တခုမှာလည်း ဖောက်ထွင်းမှု ကျူးလွန်ဖူးတယ်ဆိုတာ ဖော်ထုတ် တွေ့ရှိလာပါတယ်။

ပိုလန်မီဒီယာတွေက လူတူအရုပ် ဖောက်ထွင်းရေးသမားလို့ အရွှန်းဖောက် ညွှန်းဆိုနေတဲ့သူဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင် ၁၀ နှစ်ထိ ပြစ်ဒဏ် ချမှတ် ခံရဖွယ် ရှိနေပါတယ်။

ရဲတွေရဲ့ အဆိုအရ ဖောက်ထွင်းသူဟာ လူသူကင်းရှင်းသွားပြီး ဘေးကင်းတာ သေချာတဲ့အထိ အချိန်အကြာကြီး ငြိမ်ငြိမ်လေး ရပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ လုံခြုံရေး အစောင့်တွေနဲ့ ပက်ပင်းတိုးပြီး အဖမ်းခံလိုက်ရတော့တာပါပဲ။

ပိုလန်ရဲတပ်ဖွဲ့က အဲဒီအမျိုးသား ပြစ်မှုကျူးလွန်နေတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ပုံရိပ်တွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။

 

Ref: BBC