ထီးလင်းမြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးတဦး ဒဏ်ရာရ

အောက်တိုဘာ၊ ၁၉

မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်၊ မနေ့ကညနေပိုင်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုသွားဆွဲနုတ်မိလို့ အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသားတဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” ကျည်က ရွာမြောက်ဘက်ရေကန်ထဲမှာစိုက်ဝင်နေတာ။ အဲ့ဒါကိုသူက ဘာလဲဆိုပြီးသွားဆွဲနုတ်တာမှာပေါက်ကွဲမှုဖြစ်တာ။ ဘယ်ခြေထောက်အရိုးတွေပေါ်သွားတယ်။ ညာလက်ပြတ်သွားတယ်။ ပါးတဖက်ကလည်း အရိုးတွေပေါ်သွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ဒဏ်ရာရရှိတဲ့ကလေးကိုဖြစ်စဉ်ဖြစ်ပွားတဲ့  အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှာဘဲ အရေးပေါ်ဆေးကုသမှုပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ခွဲစိတ်မှုတွေပြုလုပ်ရတော့မှာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ပေါက်ကွဲတဲ့လက်နက်ကြီးကျည်ဟာစစ်ကောင်စီတပ်က  ပြီးခဲ့တဲ့မေလဆန်းပိုင်းမှာ အကြည်ဘန်းရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့ဖျက်ဆီးခဲ့စဉ်က မပေါက်ကွဲဘဲကျန်နေခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။

 ”  အကြည်ဘန်းရွာကိုစစ်ကြောင်းထိုးမီးရှို့တုန်းက စစ်တပ်က ပစ်တဲ့ကျည်ဖြစ်ဖို့များတယ်” လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်ဖွဲ့ YRA စစ်ဦးစီးသခင်ဇော်ကပြောပါတယ်။

အဲဒီပြောဆိုချက်နဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်ပါဘူး။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဓားနှောင့်နဲ့ ထုလို့ ပေါက်ကွဲပြီး အမျိုးသားတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ၂၀၂၂ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တာလည်းရှိပါတယ်။

ဒါ့အပြင် ထီးလင်းမြို့နယ်မှာစစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတဲ့အခါတိုင်း  လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် မြို့နယ်တွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိနေနိုင်တယ်လို့ YRA ပြန်ကြားရေးတာဝန်ခံကိုကောင်းကဆိုပါတယ်။

”  ပြည်သူတွေအနေနဲ့ မပေါက်ကွဲသေးတဲ့ကျည်၊ ခဲယမ်းတွေ့ရင် အကြောင်းကြားဖို့ ကျနော်တို့အရင်ကတည်းက ပညာပေး၊သတိပေးနှိုးဆော်ထားပါတယ်” လို့ ကိုကောင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦးနဲ့ ဒီနှစ် ပထမခြောက်လအတွင်း ၅၅၆ ဦးအထိမြင့်တက်နေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုထိခိုက်သူတွေရဲ့ သုံးပုံတပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်တယ်လို့လည်းဆိုပါတယ်။