အောက်တိုဘာ၊ ၁၉
မလေးရှား နိုင်ငံမှာ အသက် ၆ နှစ်အရွယ် ကလေးငယ် တဦးဟာ အဝတ်လျှော်စက်ထဲ ပြုတ်ကျရာက သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အခု သီတင်းပတ် အစောပိုင်းက ဖြစ်စဉ်မှာ အဲဒီ ကလေးငယ်ဟာ အဝတ်လျှော်စက် မောင်းနေတဲ့အချိန် ဘေးဖက် နံရံပေါ် ကုတ်တက်ရာက အရှိန်လွန်ပြီး ပြုတ်ကျသွားတယ်လို့ ယုံကြည်ရပါတယ်။
အခင်းဖြစ်ပွားရာ ပီရက်ခ်ပြည်နယ်ရဲ့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ယာဟာယာ ဟာဆန်က ယောက်ျားလေး တဦးဖြစ်တဲ့ ကလေးဟာ အော်တစ်ဇင် ဝေဒနာသည်လို့ အတည်ပြုခဲ့ပြီး အဝတ်လျှော်စက်ထဲ သူ့ကို ရှာတွေ့ချိန်မှာ သတိလစ် မော့မြောနေကြောင်း ပြောပါတယ်။
မနက်ပိုင်းမှာ ကျန်တဲ့ မိသားစုဝင်တွေ အိပ်စက်နေတဲ့အချိန် ကလေးက အဝတ်လျှော်စက်ထဲ ပြုတ်ကျသွားတာလို့ ဟာဆန်က ဆိုပါတယ်။ ကလေးကို ရှာတွေ့တဲ့ အချိန်မှာတော့ အဝတ်လျှော်စက်က မလည်ဘဲ ရပ်နေခဲ့ပြီလို့ သတင်းထောက်တွေကို ဟာဆန်က ပြောပြပါတယ်။
အဖွားဖြစ်သူက သတိလစ်နေတဲ့ ကလေးကို တွေ့ရှိတဲ့နောက် မိသားစုဝင်တွေဟာ သူ့ကို ရာဂျာ ပါမိုင်ဆူရီ ဘိုင်နွန် ဆေးရုံကို ကတိုက်ကရိုက် ပို့ဆောင်ခဲ့ပေမယ့် နာရီပိုင်း အကြာမှာတော့ ကွယ်လွန်သွားခဲ့ရှာပါတယ်။
ကလေးငယ်ဟာ အဝတ်လျှော်စက် အတွင်းပိုင်း နံရံတွေနဲ့ ခေါင်းကို အချက်ရေ တော်တော်များများ ထိရိုက်ခံခဲ့ရတဲ့ ဒဏ်တွေကြောင့် သေဆုံးသွားခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။
ကလေးရဲ့ နာရေးကိစ္စကို စီစဉ်ပြီးစီးခဲ့ပြီဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။