အမေရိကန်ရဲ့ ဒုံးကျည်တွေ ရလာလည်း ယူကရိန်းအတွက် ထူးခြားလာမှာ မဟုတ်ဘူးလို့ ပူတင်ပြော

အောက်တိုဘာ ၊ ၁၉

အမေရိကန်က ထောက်ပံ့ပေးနေတဲ့ ဒုံးကျည် အသစ်တွေကလည်း ယူကရိန်းကို ဘာမှ အကူအညီ ပေးနိုင်မှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

 အမေရိကန်က လွှဲပေးလိုက်တဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်ပွဲမှာ စတင် အသုံးပြုနေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့တဲ့နောက် အောက်တိုဘာ ၁၈ မှာ ပူတင်က အခုလို တုံ့ပြန်ခဲ့တာပါ။ အဲဒီ လက်နက် အသစ်တွေ ထောက်ပံ့ပေးလို့လည်း ယူကရိန်းက စစ်ပွဲကို အနိုင်ရမှာ မဟုတ်ကြောင်း၊ အကျိုးဆက် အနေနဲ့ စစ်ပွဲသက်တမ်း ပိုရှည်ကြာသွားပြီး ယူကရိန်းပဲ ပိုအထိနာနေမှာဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

လတ်တလောမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ဖျားက စစ်ဦးစီး ကွပ်ကဲရေးဌာနလို့ ဆိုနိုင်တဲ့ အက်ဗ်ဒစ်ဗ်ကာမြို့ကို ဘက်ပေါင်းစုံကနေ ဝန်းရံတိုက်ခိုက် သိမ်းယူဖို့ ကြိုးစားနေပါတယ်။

ပူတင်က အမေရိကန်ဟာ ယူကရိန်းအတွက် ATACMS အမျိုးအစား တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်တာဟာ အရမ်းမှားယွင်းတဲ့ ရွေးချယ်မှု တခုလို့ ပူတင်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေချိန် အတောအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စစ်ပွဲမှာတော့ အဲဒီ အမေရိကန်လုပ် ဒုံးကျည်တွေက ရုရှားအတွက် ခြိမ်းခြောက်မှု ဖြစ်မယ်ဆိုတာ သံသယ မရှိကြောင်း၊ ဒါပေမဲ့ အဲဒီ စစ်လက်နက်တွေ လက်ခံရရှိလို့လည်း ယူကရိန်းရဲ့ စစ်ပွဲမှာ ကြုံလာမယ့် အလားအလာနဲ့ အခြေအနေတွေ ရုတ်ချည်း ပြောင်းလဲသွားစရာ ဘာအကြောင်းမှ မရှိကြောင်း ပူတင်က ဆိုပါတယ်။

အိမ်ဖြူတော်က အခု သီတင်းပတ် အစောပိုင်းမှာ ယူကရိန်း စစ်တပ်က ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေဆီ ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုချက် တောင်းခံလာတာကို မီးစိမ်းပြခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အမေရိကန်ဟာ ဒုံးကျည်တွေကို ထောက်ပံ့ချိန် ကတည်းက ယူကရိန်း နယ်မြေတွေထဲမှာပဲ အသုံးပြုဖို့ လက်ခံထားပြီး ရုရှားနိုင်ငံ ပိုင်နက်ထဲထိ နယ်ကျော် တိုက်ခိုက်တာမျိုး မလုပ်ဖို့ လေးလေးနက်နက် ကန့်သတ်ထားခဲ့ပါတယ်။