အောက်တိုဘာ၊ ၁၈
တနင်္သာရီတိုင်း၊ ထားဝယ်တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ကိုလင်းထက်ဖြိုးကို စစ်ကောင်စီက အောက်တိုဘာလ ၁၆ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒဿနိကဗေဒအထူးပြု ဒုတိယနှစ် ကျောင်းသားဖြစ်တဲ့ ကိုလင်းထက်ဖြိုးကို ထားဝယ်ခရိုင်တရားရုံးကနေ အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)တို့နဲ့ အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာလို့ သိရပါတယ်။
“သူအဖမ်းခံရတာကတော့ အိမ်မှာပဲ။အစကတည်းက စောင့်ကြည့်ခံနေရတာလို့လည်းကြားတယ်” လို့ ကိုလင်းထက်ဖြိုးနဲ့ နီးစပ်သူအမျိုးသားတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုလင်းထက်ဖြိုးကို အခုနှစ် ဇူလိုင်လ ၂၆ ရက်က ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးလလောက်အကြာမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။
“တခြားလူကိုမိပြီးမှ ကွင်းဆက်အနေနဲ့ ဖမ်းခံရတာလို့လည်းကြားတယ်။ မြို့ပေါ်မှာ သပိတ်စစ်ကြောင်းတွေရှိတုန်းကတော့ Medical Cover(ဆေးဝါးအကူ) လိုက်လုပ်ပေးတယ်၊။ နောက်ပိုင်းမှာတော့ သူ ့အိမ်မှာပဲ နေနေတာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းတွေ ပြုလုပ်ပါက တရားစွဲဆိုခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး ဆယ်နှစ်ကနေ ထောင်ဒဏ် တသက်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
ပုဒ်မ ၅၂(က) ကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့အခါ တရားစွဲဆိုခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင်တရားရုံးတော့ ဘယ်လိုသက်သေတွေရှိလို့ ကိုလင်းထက်ဖြိုးကို အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာလဲဆိုတာ မသိရပါဘူး။
အလားတူပဲ အခုရက်ပိုင်းအတွင်းကလည်း ထောင် ၁၂ နှစ်ချမှတ်ခံထားရတဲ့ ထားဝယ်ထောင်က နိုင်/ကျဉ်းတဦးဖြစ်သူ မယဉ်ယဉ်ချိုကို ထားဝယ်ခရိုင်တရားရုံးကနေ ထောင် ၃၂ နှစ် ထပ်ချခဲ့သလို သူနဲ့အတူ အဖမ်းခံရတဲ့ မောင်ဖြစ်သူလည်း ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ခံလိုက်ရပါတယ်။