လွိုင်ကော်မြို့အတွင်း ရေထပ်ကြီးနိုင်လို့ ပြင်ဆင်ထားကြဖို့ စစ်ကောင်စီသတိပေး

အောက်တိုဘာ၊ ၁၈

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နှစ်ရက်အတွင်း ရေထပ်ကြီးလာနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့  စစ်ကောင်စီလက်အောက်ခံ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ရေထပ်ကြီးမယ်လို့ မနက်က မြို့ထဲမှာလိုက်ကြေညာနေတာ။ ရေတအားကြီးလာရင် ရွှေ့ပြောင်းလို့ရအောင် ပစ္စည်းတွေ၊ စားစရာတွေ ကြိုပြင်ထားလို့ ရတာပေါ့” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။

မိုးဗြဲရေကာတာကနေ ရေထပ်လွှတ်ဖို့ရှိတာကြောင့် လွိုင်ကော်မြို့ထဲ ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်း ရေလျှံမှာဖြစ်ပြီး လက်ရှိမှာလည်း ချောင်းတလျှောက်က ရပ်ကွက်တချို့မှာ ရေကြီးတာတွေ ရှိနေပြီလို့ သိရပါတယ်။

“လက်ရှိအချိန်ထိ (ညနေ ၆ နာရီ) အန္တရာယ် ရှိလောက်တဲ့အထိတော့ မကြီးသေးဘူး၊ မိုးဗြဲဆည်က လွှတ်တာကလည်း လွိုင်ကော်မြို့အတွက် အန္တရာယ်ကြီးနိုင်တဲ့ အနေအထားထိတော့ မလွှတ်ဘူးထင်တယ်၊။ ဒါပေမယ့် မိုးများရင်တော့ စိုးရိမ်ရတယ်” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လက်ရှိမှာတော့ ဘီလူးချောင်းဘေးတလျှောက်မှာရှိတဲ့ မှုံပြာ၊ ရွှေတောင်၊ ဒေါဥခူ၊ ဒေါနိုးကူးနဲ့ နမ်းကွတ် စတဲ့ ရပ်ကွက်တွေက မြို့ခံတချို့ ပြောင်းရွှေ့နေကြတာရှိတယ်လို့ သိရပါတယ်။

“ဘီလူးချောင်းအစပ်တွေမှာတော့ ဒူးလောက်ရှိတယ်။တချို့နေရာတွေမှာတော့ ခါးလောက်၊ ရင်ဘတ်လောက်အထိတက်တာ၊ ချောင်းဘေးနားက အိမ်တွေကတော့ ရေတော်တော်ဝင်တော့ ပြောင်းရွှေ့ကြတာမျိုးရှိတယ်” လို့ မြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီ ဌာနဆိုင်ရာတာဝန်ရှိသူတွေကတော့ လွိုင်ကော်မြို့အတွင်း ရေဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားတာမရှိသေးဘဲ ရေဝင်ရောက်နိုင်တဲ့ နေရာတွေမှာ သဲအိတ်ကာတာ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် ပြင်ဆင်နေတာတွေတော့ လုပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နဲ့ မိုးဗြဲမြိုကြားရှိ ဘီလူးချောင်းတလျှောက် ကျေးရွာတွေမှာတော့ ပြီးခဲ့တဲ့ ငါးရက်လောက်ကတည်းက ရေကြီးမှုကြောင့် ရွာခံတွေနဲ့ စစ်ဘေးရှောင်ထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရသလို စပါးခင်းထောင်ချီလည်း ရေလွှမ်းခံထားရပါတယ်။

Photo-Aung Moe Myint Fb