မင်းတပ်မှာ နာမကျန်းတဲ့ စစ်ရှောင် အများအပြားရှိနေပြီး ဆေးဝါးနဲ့ ရိက္ခာ အခက်အခဲကြုံနေ

အောက်တိုဘာ၊ ၁၈

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ ဆန်နဲ့ ဆေးဝါးတွေ စျေးအဆမတန်မြင့်တက်နေလို့ စစ်ရှောင်တွေ ရိက္ခာအခက်အခဲကြုံနေကြရသလို နာမကျန်းဖြစ်နေတဲ့ စစ်ရှောင်တွေလည်း ဆေးဝါးရရှိဖို့ ခက်ခဲနေကြတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“စားရေးသောက်ရေးအခြေအနေက တော်တော်ခက်ခဲလာတယ်။ ကုန်စျေးနှုန်းတော်တော်မြင့်တက်သွားတာ၊ တောင်ပေါ်မှာဆိုရင် သုံးဆကျော်လောက်ဖြစ်သွားတာကို၊ ဆန်ဆီ၊ ဆားဝယ်တဲ့နေရာမှာ တော် တော်လေး အခက်ကြုံပါတယ်”လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလော့ရင့်စ်က DNA ကို ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တသောင်းကျော်ရှိနေတဲ့ မင်းတပ်မြို့နယ်မှာ အရင်က သုံးသောင်းကျော်၊ လေးသောင်းဝန်းကျင်သာရှိခဲ့တဲ့ ဆန်တအိတ်ကို ခုနှစ်သောင်းခွဲကနေ တသိန်းနှစ်သောင်းလောက်အထိ ပေးဝယ်နေကြရတာလို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စစ်ကောင်စီတပ်ရဲ့ ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်၊ ပိတ်ပင်ထားတာတို့ကြောင့် အဲဒီလို စျေးတက်နေတာဖြစ်ပြီး မြို့နဲ့နီးတဲ့၊ သွားလာရအဆင်ပြေတဲ့ရွာတွေမှာတောင် ဆန်တအိတ်ကို ခုနှစ်သောင်းခွဲလောက် ပေးနေရပါတယ်။

အဲဒီလို စားနပ်ရိက္ခာအခက်အခဲအပြင် စစ်ရှောင်စခန်းက ကလေးတွေမှာ ယားနာအပါအဝင် အနာပေါက်တာတွေ၊ ဖျားနာတွေလည်း အများအပြားရှိနေပြီး ဆေးဝါးရရှိဖို့ အခက်အခဲကြုံနေရတယ်လို့ ဆေးဝါးကုသပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ စစ်ရှောင်အရေးကူညီသူတွေက ပြောကြပါတယ်။ ‘’အနာကြီးရောဂါပုံစံတွေ ဖြစ်နေတဲ့ ကလေးလေးတွေ တွေ့ခဲ့ရပါတယ်။ဆေးဝါးစျေးနှုန်းက အမြင့်ဆုံးလို့ ပြောလို့ရတယ်ဗျ။ မြို့နယ်ထဲမှာကိုက ခိုးသယ်ရတာပေ့ါနော်။ ဆိုတော့ စျေးက အမြင့်ဆုံးဖြစ်နေတယ်။ ဝယ်ရခက်၊ ရှားတာပေ့ါနော်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခိုက်မှု၊ လက်နက်ကြီးပစ်မှု၊ စစ်ကြောင်းထိုးမှုတွေကြောင့် တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးရှိတဲ့ တောင်ပေါ်ရွာမှာ မြေငှားကာ တဲထိုးပြီး ယာယီနေကြရတာဖြစ်လို့ ကျန်းမာရေးအခက်အခဲတွေ ပိုရှိကြတယ်လို့ ပြောကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ် ရက်ဆက်ရှိနေပြီး မင်းတပ်မြို့နယ် တောင်ပိုင်းရွာအချို့မှာ နေအိမ်အများအပြားပျက်စီးကာ ရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်နဲ့ ဒေသခံတွေက ပြောကြပါတယ်။

“မနေ့ကလည်း တောက်လျောက်ပစ်နေတယ်။ ဒီနေ့လည်း ပစ်တယ်။ သူတို့ကတော့ တိုက်ပွဲမရှိလည်း စိတ်ထင်ရင် ထင်သလို မင်းတပ်မြို့ပေါ်ကနေ ပစ်နေတာပေ့ါ”လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က DNA ကို ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်ရှောင်တွေအပြင် ဒေသခံတောင်ယာလုပ်သူတွေမှာလည်း မိုးများတာ၊ ကြွက်ပေါတာတို့ကြောင့် ဒီနှစ်မှာ စပါးခင်းအပျက်အစီးတွေ များခဲ့ပြီး စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် မင်းတပ်မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အခုနောက်ပိုင်းမှာ အကူအညီရရှိမှု နည်းပါးလာပြီး သူတို့ကိုယ်တိုင် ရုန်းကန်နေကြရတာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

“ကျွန်တော်တို့ကော်မတီကလည်း အရင်လိုမျိုး ကူညီနိုင်တာမျိုးမရှိတော့ဘူး။ ဝင်လာတဲ့အလှူငွေတွေ နည်းသွားပြီ။ ဒေသခံအရပ်ဖက်အဖွဲ့တွေဆီက အကူအညီတချို့ရကြတယ်။ အဓိကကတော့ သူတို့ကိုယ်တိုင် ရုန်းကန်နေကြရတာဗျ”လို့ ကိုလောရင့်စ်က ပြောပါတယ်။

Photo-မင်းတပ်မြို့နယ်စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီနဲ့ Social Media