အောက်တိုဘာ ၊ ၁၈
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကြေးမုံကျေးရွာက ဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီ တပ်တွေက အောက်တိုဘာ ၁၇ ရက်၊ မနေ့က ညနေ ၄ နာရီခန့်မှာ ပစ်သတ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစု တွေထံက သိရပါတယ်။
“ ရွာထဲမှာ ပြူ(ပြူစောထီး)တွေနဲ့ထိပ်တိုက်တွေ့သွားတာပေါ့။ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံလိုက်ရပြီး နားထင်ကို သေနတ်နဲ့ တေ့ပစ်သွားတာ “ လို့ Farmer Revolution Force တာဝန်ရှိသူတဦးကပြောပါတယ်။
အသတ်ခံ ရသူဟာ အသက် သုံးဆယ် ဝန်းကျင် အရွယ်ရှိတဲ့ ကိုနေမျိုးအောင်ဖြစ်ပြီး နေအိမ်မှာ ဖုန်းကျန်ခဲ့လို့ ပြန်ယူချိန် စစ်ကောင်စီတပ်တွေနဲ့ ပြူစောထီးပူးပေါင်းအဖွဲ့နဲ့ ထိပ်တိုက်တိုးမိပြီး အခုလို သတ်ဖြတ်ခံ လိုက်ရတာပါ။
စစ်ကောင်စီနဲ့ပြူစောထီး ပူးပေါင်းအင်အား သုံးဆယ်ကျော်ဟာ မနေ့က နေ့လယ် ၃ နာရီခန့်မှာ တောပုကျေးရွာကနေ မြေနဲကျေးရွာဖက်ကို စစ်ကြောင်းထိုးချိန်ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်တွေဟာ ကြေးမုံရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်တဲ့ အချိန်မှာ ကိုနေမျိုးအောင်နဲ့လမ်းမှာတွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ မုံရွေးရွာနဲ့ကြေးမုံရွာကြားမှာ ပစ်သတ်ခဲ့တာပါ။
စစ်တပ်ထောက်ခံတယ်လီဂရန်ချန်နယ်တွေမှာတော့ တောပုကျေးရွာအနီး တဝိုက်လှည့်ကင်းဆောင်ရွက်နေတဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာ အတွင်းလက်နက် ကြီးနဲ့ပစ်ခတ်ဖို့ရောက်ရှိ နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF )တွေ့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အလောင်းတလောင်း၊လက်လုပ်စိန်ပြောင်း တ လက်၊လက်လုပ်မိုင်း ၁၅ လုံး၊ဆိုင်ကယ်ဘတ္ထရီ တလုံး၊ ဝါယာကြိုး ငါးခွေသိမ်းဆည်းရမိတယ်လို့ ရေးသားထားပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ကြေးမုံရွာနဲ့ ကားလမ်းတခုသာခြားတဲ့ တောပုကျေးရွာမှာ တပ်စွဲနေတာဖြစ်ပြီး အနီးအနားကျေးရွာတွေကို မကြာခဏဆိုသလို စစ်ကြောင်းထိုးလေ့ရှိတယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။