အောက်တိုဘာ၊ ၁၈
ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်နယ်မြေတွေ ပိုကျယ်ပြန့်လာပြီး စစ်ကောင်စီရဲ့ယန္တရားတွေကိုတဖြည်းဖြည်း အ စားထိုးလွှမ်းမိုးလာတဲ့ ရခိုင့်တပ်တော်(AA)ဟာ သူရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အရပ်သား၊လူငယ် ပညာတတ်တွေကို ပိုနေရာပေးနိုင်ဖို့ ကြိုးစားလာတယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ပထမအကြိမ်အပစ်ရပ်ကာလ ၂၀၂၀ ခုနှစ်လောက်ကတည်းက ထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေး၊ တရားစီ ရင် ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေကို တပ်တွင်းမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ စလုပ်လာခဲ့တဲ့ AA ဟာအခု နောက်ပိုင်းမှာ ပြင်ပက အရပ် သားလူငယ်တွေကို ခေါ်ယူ၊ သင်တန်းပေးကာ အစားထိုးဖို့ လုပ်လာတာပါ။
“တပ်တော်ထဲမှာ တိုက်ခိုက်ရေးသမားတွေ များနေတယ်၊အဲဒီလိုအခြေအနေကြောင့် သူတို့အနေနဲ့ လူ့အရင်း အမြစ်တွေကို ရှာဖွေရေးဟာ အဓိကပြဿနာဖြစ်လာတယ်”လို့ ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
ရဲသင်တန်းပေးထားသူတွေ၊ AA တပ်သားတွေ၊ နီးစပ်ရာဥပဒေနားလည်သူတချို့နဲ့ပဲ ယန္တရားတွေ စတင်လည် ပတ်နေခဲ့ရာကနေအခုအခါမှာတော့ ဥပဒေရေးရာလေ့ကျင့်ရေးသင်တန်းကျောင်း၊ ပြည်သူ့ရေးရာမူဝါဒနဲ့ အုပ် ချုပ်ရေးသင်တန်းကျောင်း၊ ရဲသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းတို့ကိုပါ ဖွင့်လှစ်လာတာကို တွေ့ရပါ တယ်။
ဒါဟာ ရခိုင်ပြည်နယ်အတွင်း နယ်မြေအများအပြားမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုနည်းလာပြီး မြို့ပေါ်မှာတောင် ဥပေဒစိုးမိုးရေးလုပ်ငန်းတွေ မလုပ်နိုင်တော့တဲ့အခြေအနေမှာ ရခိုင်အမျိုုးသားအဖွဲ့ချုပ်/ရခိုင့် တပ်တော် (ULA/AA) က အလုပ်ပိုလုပ်လာရတာမို့ ဝန်ထမ်းသစ်တွေ ခန့်ထားဖို့ ပြင်ဆင်လာတာလို့ ဦးဖေသန်းကပြောပါတယ်။
“သူတို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တခြားကဏ္ဍတွေမှာ နယ်မြေကျယ်ပြန့်လာတာနဲ့အတူ လူသားအရင်း အမြစ်တွေ အများကြီး လိုအပ်လာတဲ့အတွက် သူတို့ ဒီလိုကျောင်းတွေ၊ သင်တန်းတွေ ခေါ်လာတာဖြစ်တယ်”လို့ ဦးဖေသန်းက သူ့အမြင်ကို ပြောပါတယ်။
အံဝင်ဂွင်ကျအလုပ်လုပ်နိုင်တဲ့ ကျွမ်းကျင်လုပ်သားပညာတတ်တွေ နည်းနေတဲ့အတွက်လည်း အခုလို သင်တန်း ကျောင်းတွေဖွင့်လှစ် သင်ကြား၊ လေ့ကျင့်ပြီး ခန့်ထားဖို့ လုပ်လာတာဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။
ရခိုင့်တပ်တော် AA ဟာ တရားရေးဌာနလက်အောက်ရှိ တရားရုံးနဲ့ ဥပဒေရုံးတွေမှာ တာဝန်ခန့်ထားပေးဖို့ဆိုပြီး ဥပဒေရေးရာလေ့ကျင့်ရေးသင်တန်းကျောင်းဝင်ခွင့်လျှောက်လွှာတွေကို အခုနှစ် အောက်တိုလ ၁ ရက်မှာ ပထမ ဆုံးအကြိမ် ခေါ်ယူခဲ့ပါတယ်။
ဘွဲ့ရလူငယ်တွေ တက်ရောက်နိုင်ပြီး ခုနစ်လတာကြာမြင့်မယ့် အဲဒီသင်တန်းပြီးရင် AA ရဲ့ အာရက္ခပြည်သူ့ အစိုးရလက်အောက်မှာ အနည်းဆုံး ငါးနှစ်တာဝန်ထမ်းရမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၇ ရက်ကလည်း အုပ်ချုပ်ရေးယန္တရားမှာ ခန့်ထားနိုင်ဖို့အတွက်ဆိုပြီး ပြည်သူ့ရေး ရာမူဝါဒနဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်းလျှောက်လွှာတွေ ခေါ်ယူခဲ့ပါတယ်။
အဲဒီသင်တန်းကျောင်းကို ၂၀၂၂ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး သင်တန်းအပတ်စဉ်တခု ပြီးတော့မယ် လို့ အသိပေးဖော်ပြထားပါတယ်။
အခုလို အရည်အသွေးပြည့်၀တဲ့ လူငယ်တွေကို အစားထိုး ခန့်အပ်နိုင်ဖို့ တပ်တွင်းသင်တန်းကျောင်းတွေ ဖွင့်လှစ်၊ ကြိုးစားလာတဲ့အပေါ် ကြိုဆိုပြီး လူငယ်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တယ်လို့ ရခိုင်ဒေသခံ တက် ကြွလှုပ်ရှားသူ လူငယ်တဦးက ပြောပါတယ်။
လက်ရှိ AA လက်အောက်ခံ ရဲဌာနနဲ့ တရားရုံးတွေမှာ တာဝန်ထမ်းနေကြသူတချို့ဟာ အရည်အချင်းမပြည့်မီတာ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိတာတွေကြောင့် သူတို့ရဲ့ ကိုယ်တွယ်ဖြေရှင်းပုံတွေနဲ့ပက်သက်လို့ ဒေသတွင်း ဝေဖန်ခံရမှု တွေလည်း ရှိနေပါတယ်။
အခုလို အုပ်ချုပ်ရေး၊ တရားစီရင်ရေး သင်တန်းကျောင်းတွေ ဖွင့်လှစ်ကာ စနစ်တကျသင်ကြားပြီးမှ ခန့်အပ် တာ ဝန်ပေးမယ်ဆိုရင်တော့ ပိုပြီးယုံကြည်အားထားရတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်တွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကမျှော်မှန်းသုံးသပ်ကြပါတယ်။
“အခု အများစုက သိပ်အရည်အချင်းမပြည့်ဘူးလို့ ပြောရမှာပေ့ါ၊ပြောစရာ၊ ထောက်ပြစရာတွေလည်း အများကြီး ရှိနေတယ်၊အာဏာပြတာတွေလည်း ရှိတာပေါ့၊ပြည်သူကို လေးစားတဲ့၊ အလေးထားတဲ့ ဝန်ထမ်းတွေ အများကြီး ခန့်စေချင်တယ်”လို့ AA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံတဦးက ပြောပါတယ်။
AA ဟာ သူတို့လက်အောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဖို့အတွက် ဆရာ၊ ဆ ရာမနဲ့ သူနာပြုတွေကိုလည်းပြီးခဲ့တဲ့နှစ်တွေတုန်းက ခေါ်ယူ၊ သင်တန်းပေးခဲ့တာတွေ ရှိသလို ရဲဝန်ထမ်းတွေလည်း ခေါ်ယူ သင်တန်းပေးထားဖူးပါတယ်။
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အမျိုးသားရေးခံယူချက် ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည်၊ အရည်အ ချင်းနဲ့ အနစ်နာခံယူလိုစိတ်ရှိတဲ့ လူသားစွမ်းများစွာ လိုအပ်နေတဲ့အတွက် လူငယ်ပညာတတ်တွေအနေနဲ့ လို အပ်တဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်ပေးကြဖို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ပြောခွင့်ရ ဦးခိုင်သုခ တို့က အင်တာဗျူးနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏ ဖိတ်ခေါ်ပြောဆိုလေ့ရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေအားလုံးနဲ့ တောင်ပိုင်းမြို့နယ်မြို့နယ်အများစုမှာ ရခိုင့်တပ်တော်(AA)ရဲ့ထိန်း ချုပ်နယ်မြေတွေရှိနေပြီး အဲဒီဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားရုံးစီရင်ရေး၊ အခွန်ကောက်ခံရေးလုပ်ငန်းတွေကို လုပ်နေတယ်လို့ ထုတ်ပြောထားပါတယ်။ ဒါပေမယ့် ပြည်နယ်တစ်ခုလုံးရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို ထိန်းချုပ် ထားတယ်ဆိုတာကိုတော့ ရခိုင့်တပ်တော် AA က အသေးစိတ် ထုတ်ပြောတာမျိုး မရှိပါဘူး။
ပုံစာ – ရခိုင့်တပ်တော် AA ရဲ့သင်တန်းကျောင်းတခုမြင်ကွင်း