ဖလမ်းမှာ ဆေးမြစ်တူးရောင်းတဲ့ အမျိုးသမီး မြေမြှပ်မိုင်းနင်းမိလို့ သေဆုံး

အောက်တိုဘာ၊ ၁၈

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ ဇောင်းလေးကျေးရွာမှာ  ဒီနေ့အောက်တိုဘာ ၁၈ ရက်၊ ဒီကနေ့မနက် ၉ နာရီခန့်မှာ ဆေးမြစ်တူးရောင်းတဲ့ အမျိုးသမီးတဦး မြေမြှပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“  သူက အလယ်ကနေ သွားရင်း မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်သွားတာ။နေရာမှာပဲ သွေးထွက်လွန်ပြီးဆုံးတာ “ လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူ ဒေါ်ဗျက်နှဲမ်းဟာ အသက် ၄၅ နှစ်အရွယ်ရှိပြီး ကလေးခြောက်ဦးမိခင်လည်းဖြစ်ပါတယ်။

 တခြားအမျိုးသမီးအဖော် သုံးဦးနဲ့ အတူ နေထိုင်ရာ ဇောင်းလေးကျေးရွာကနေ တမိုင်ကျော်ဝေးတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ ထင်းရူးစခန်းအနီးမှာ  ဆေးမြစ်အရှာထွက်ရင်း အခုလို မြေမြှပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တာပါ။

ဒေသခံတွေက အဲဒီမိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းလို့ စွပ်စွဲပြောဆိုပါတယ်။

” ကျွန်တော်တို့ဖက်က မိုင်းထောင်တယ် ဆိုရင် ဘတ္ထီအိုးလိုတယ်ဗျ။ပြီးတော့ အချိန်တခုကျော်သွားရင် မပေါက်ကွဲတော့ဘူးလေ။စကစမိုင်းတွေကျ ဘတ္ထီအိုးမလိုဘူးလေ။ဘယ်ချိန်ဖြစ်ဖြစ်ပေါက်ကွဲတယ်။ခုကလည်း သူတို့စခန်းနဲ့ နီးနီးလေးမှာ ဖြစ်တာ သူတို့ထောင်တာပဲလေဗျ” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

ဖလမ်း-ကလေး ကားလမ်းမကြီးပေါ်မှာရှိတဲ ထင်းရှုးစခန်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ တနှစ်နီးပါးရှိပြီးစခန်းအနီး အနား ပတ်ဝန်းကျင်နဲ့ တောထဲတွေမှာ မြေမြှပ်မိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ အဲဒီအမျိုးသားက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၁ ရက်ကလည်း အသက် ၅၂ နှစ် အရွယ်ရှိတဲ့ ဦးငွေကစ်ခွေလ်း မဏိပူရ် မြစ်တွင်း ငါးဖမ်းသွားရင်း စစ်ကောင်စီထောင်ထားတဲ့ မြေမြှပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှပ်မိုင်းအသုံးပြုခြင်းကို တားဆီးပိတ်ပင်ထားတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးတာမရှိပါဘူး။

မြေမြှပ်မိုင်းကို စစ်ကောင်စီတပ်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ အသုံးပြုနေကြပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝဦးနဲ့ ဒီနှစ် ပထမခြောက်လမှာ ၅၅၆ ဦးအထိရှိလာပြီး သုံးပုံတပုံကတော့ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ပြန်ထားပါတယ်။

Photo-CJ