အစပ်ဆုံး ဂင်းနစ် ကမ္ဘာ့စံချိန်သစ် တင်ခဲ့တဲ့ ငရုတ်သီး

အောက်တိုဘာ၊ ၁၈

ငရုတ်သီး မျိုးစိတ် တခုကို ကမ္ဘာ့အစပ်ဆုံး စံချိန်သစ်အတွက် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က အသိအမှတ်ပြု ရွေးချယ်လိုက်ပါတယ်။

Pepper Xလို့ နာမည်ပေးထားတဲ့ ငရုတ်သီးဟာ ကမ္ဘာ့အစပ်ဆုံး ဂုဏ်ပုဒ်ကို ၁၀ နှစ်လောက် ထိန်းသိမ်းထားခဲ့တဲ့ Carolina Reaperကို နန်းချလိုက်ပြီ ဖြစ်ပါတယ်။ အစပ် ပမာဏကို တိုင်းတာတဲ့ ယူနစ်မှာ ပုံမှန် ငရုတ်သီး တတောင့်ဟာ ၁ သိန်း စကိုးဗီး အပူ ယူနစ်လောက် စပ်ပါတယ်။ Pepper Xကတော့ တတောင့်ကို စကိုးဗီး ယူနစ် ၂.၆၉ သန်း စပ်တယ်လို့ ဂင်းနစ်က နှိုင်းယှဉ်ပြထားပါတယ်။

Pepper Xကိုရော၊ Carolina Reaperကိုပါ ငရုတ်စိုက်ပျိုးမှု ပညာရှင် အက်ဒ် ကာရီကပဲ တာဝန်ယူ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ သူက Pepper Xရဲ့ နောက်ဆုံးအဆင့် ထုတ်ကုန်တွေကို ရောင်းချမှာ ဖြစ်ပေမယ့် မျိုးပင်တွေနဲ့ မျိုးစေ့တွေကိုတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်ပိုင်း ကာရိုလိုင်းနားမှာ နေထိုင်တဲ့ ကာရီက Pepper Xကို လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက စိုက်ပျိုးထုတ်လုပ်ထားနိုင်ခဲ့ပေမယ့် အဲဒီ ငရုတ်သီးနဲ့ ပတ်သက်လို့ အချက်အလက်တွေကို တမင် ထိမ်ချန်ပြီး လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ငရုတ်မျိုးစိတ်သစ်ကို ဖန်တီးစိုက်ပျိုးခဲ့တာဟာ အဖွဲ့လိုက် အားထုတ်မှုရဲ့ အောင်မြင်မှု အသီးအပွင့် ဖြစ်ကြောင်း၊ သူရော၊ သူ့အဖွဲ့သားတွေ အတွက်ပါ ဒီပရောဂျက်က အရမ်း ထူးကဲခဲ့တာကြောင့် မိသားစုဝင်တွေနဲ့ မိတ်ဆွေ တချို့ကိုသာ အသိပေးခဲ့ကြောင်း ကာရီက ဆိုပါတယ်။

တိုင်းတာမှုတွေအရ Pepper Xဟာ အပူအစပ် စကိုးဗီးယူနစ် ၂၆၉၃၀၀၀ ထိ များပြားပြီး စံချိန်ရှင်ဟောင်း Carolina Reaperရဲ့ အပူအစပ် ပမာဏကတော့ စကိုးဗီးယူနစ် ၁၆၄၁၁၈၃ ဖြစ်ပါတယ်။

သီအိုရီအရဆိုရင် ဘယ်လောက် အစမ်းစားနိုင်တဲ့သူ ဖြစ်ပါစေ Pepper X တတောင့်ကို စားပြနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ ငရုတ်သီးတွေကို ငရုတ်ရည်ပူအဖြစ် ထုတ်လုပ်ဖို့ အတွက်သာ အဓိက သုံးစွဲနိုင်မယ်လို့ သိရပါတယ်။

 

Ref: BBC