မသန်စွမ်းအမျိုးသမီးကို အဓမ္မပြုကျင့်မှု သံသယတရားခံကို AA ဖမ်းဆီးစစ်ဆေး

အောက်တိုဘာ၊ ၁၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာက လေဖြတ်နေတဲ့ မသန်စွမ်းအမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်သူလို့ ယူဆရတဲ့ သံသယတရားခံတဦးကို  ရခိုင့်တပ်တော်(AA)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဓမ္မပြုကျင့်ခံရသူဟာ ကလေးသုံးယောက်မိခင် အသက် ၂၈ နှစ်အရွယ် လေတခြမ်းဖြတ်ပြီး ကိုယ်တခြမ်းလှုပ်မရသူတဦးဖြစ်ကာ  အောက်တိုဘာလ ၁၄ ရက်ညက  နေအိမ်တွင်း အိပ်နေစဉ် အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

” အော်လို့မရအောင်လည်း ပါးစပ်တွေ ပိတ်သေးတယ်တဲ့။ ဘေးအိမ်ကလူတွေ အသံကြားလို့ သွားကြည့်တော့ အဲဒီလူကို အခန်းမှာ တွေ့တယ်”လို့ ငရီချိုင်ရွာသားတဦးက DNA ကိုပြောပါတယ်။

အဓမ္မပြုကျင့်တယ်လို့စွပ်စွပ်ခံရသူ အသက် ၃၅ နှစ်အရွယ်ခန့်ရှိတဲ့  ဦးညွန့်တင်မောင်ဟာ အဲဒီရွာကို ရေလုပ်ငန်းလုပ်ဖို့ ရောက်နေတဲ့ သူတဦးဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၁၅ ရက်က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှုအပါအဝင် အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်တွေ မကြာမခဏ ရှိနေပြီး ဒါတွေဟာ ဥပဒေစိုးမိုးမှု အားနည်းတာ၊ ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မပေးတာတို့ကြောင့် ဖြစ်တယ်လို့ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကလည်း ရခိုင်ပြည်နယ် ၊ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာမှ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူလို့ ယူဆရသူကို AA က ဖမ်းဆီး၊ စစ်ဆေးနေတာရှိပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်က ရသေ့တောင်မြို့နယ်၊အလယ်ချေရွာမှ ကိုနှစ်အရွယ်ကလေးတဦး၊ စက်တင်ဘာလအတွင်းက ဘူးသီးတောင်မြို့နယ်၊ တပ်ရာကျေးရွာက ဆယ်နှစ်အရွယ်တဦးနဲ့ မြောက်ဦးမြို့ ၊ဆင်ချဆိပ်ရပ်ကွက်က လေးနှစ်အရွယ်ကလေးငယ်တဦးတို့ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

 အဲဒီဖြစ်စဉ်တွေမှ ကျူးလွန်သူတွေကို AA က ဖမ်းဆီး၊ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုထားပေမယ့် ဘယ်လိုအပြစ်ပေး၊ အရေးယူလိုက်တယ်ဆိုတဲ့သတင်းတွေကိုတော့ ထုတ်ပြန်၊ ပြောကြားတာ မတွေ့ရသေးပါဘူး။

“ထပ်ပြီးတော့ ဒီလိုကျူးလွန်ဖို့အတွက် အခွင့်အရေးပေးနေသလိုလည်း ဖြစ်နေပါတယ်”လို့ ဒေါ်စောစံငြိမ်းသူက ထောက်ပြပြောဆိုပါတယ်။

ရခိုင်မှာ အဓမ္မပြုကျင့်မှုဖြစ်စဉ်တွေထဲက ကျူးလွန်သူလို့ယူဆရတဲ့သူတွေကို ဖမ်းဆီး၊ စစ်ဆေးမှုတွေ ရှိပေမယ့် အရေးယူဆောင်ရွက်မှုအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း မသိကြရတာကြောင့် ကျူးလွန်မယ့်သူတွေအတွက် စိုးရိမ်ပူပန်စရာမလိုအပ်တဲ့အနေအထားလိုမျိုး ဖြစ်နေတယ်လို့သူက ဆိုပါတယ်။

AA ပြောခွင့်ရ ဦးခိုင်သုခကတော့ သက်ငယ်မုဒိန်းမှုအပါအဝင် မုဒိန်းမှုကျူးလွန်သူတွေကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ AA နဲ့နီးစပ်တဲ့ Arakan Princess Media ကတဆင့် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု ဩဂုတ်လ ၁၅ ရက်က လည်း စစ်တွေမြို့လယ် ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးမှာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီးတဦး အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရပြီး အဲဒီအမှုမှာ ကျူးလွန်သူကို AA လက်အောက်ခံ တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သေဒဏ်ကျခံထားရသူဟာ အယူခံဝင်နေတယ်လို့ သိရပါတယ်။

အဲဒီလို ကလေးသူငယ်အဓမ္မပြုကျင့်ခံရမှုအပါအဝင် မုဒိမ်းမှုတွေ ဖြစ်ပွားတာတွေကို တားဆီးနိုင်ဖို့  ဒေသတွင်း အသိပညာပေးမှုနဲ့  ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ဒဏ်ပေးဖို့ကို လိုလားကြတယ်လို့ ရခိုင် လူငယ်တချို့ကဆိုပါတယ်။

“အသိပညာပေးတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်လို့ မြင်ပါတယ်။ ပြီးရင် ကျူးလွန်တဲ့သူတွေကို  ထိထိရောက်ရောက် အပြစ်ပေးဖို့ လိုတယ်။ အပြစ်ပေးတာကိုလည်း လူထုသိအောင် နောက်မလုပ်ရဲအောင် ပုံစံပြတဲ့အနေနဲ့ ချပြဖို့လိုတယ်”လို့ စစ်တွေမြို့ခံလူငယ်အမျိုးသမီးတဦး ပြောပါတယ်။