ပဒိုရွှေမောင်း NCA နှစ်ပတ်လည်ပွဲတက်ခဲ့တာဟာ KNU ကို ကိုယ်စားမပြုဘူးလို့ဆို

အောက်တိုဘာ၊ ၁၇

စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း တက်ရောက်ခဲ့တာဟာကေအဲန်ယူနဲဲ့ ပတ်သက်မှု မရှိဘဲ သူ့သဘောထားဆန္ဒအရ တက်ရောက်ခဲ့တာ ဖြစ်တယ် လို့ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက DNA ကို ပြောပါတယ်။

“တကယ်မှာတော့ ရွှေမောင်းက သူက ခွင့်ရက်ရှည်ယူထားတာ ရှိပါတယ်၊ ဒါပေမယ့် ခရိုင်ရုံးစိုက်တဲ့နေရာမှာ တ ခါမှ မရှိနေဘူး၊တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိပါဘူး၊ခွင့်ထဲမှာ အေးဆေးမနေဘဲနဲ့ သွားချင်ရာသွား လုပ်ချင်ရာ လုပ်နေတဲ့ အနေအထားမှာ ရှိနေတယ်ဂ လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်း အနားကိုKNU ဥက္ကဌဟောင်း စောမူးတူးစေးဖိုး ဦးဆောင် တဲ့အဖွဲ့တက်ရောက်ရာမှာ  ပဒိုရွှေမောင်းလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။

နှစ်ပတ်လည်ပွဲအပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စောမူတူးစေးဖိုးဦးဆောင်တဲ့အဖွဲ့တို့သီး ခြားတွေ့ဆုံကြရမှာလည်း ပဒိုရွှေမောင်းပါဝင်တက်ရောက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန် ချက်တွေ မှာတော့ ပဒိုရွှေမောင်းကို အဖွဲ့ အစည်းနာမည်မသုံးဘဲ ကော့ကရိတ်ခရိုင်ဥက္ကဌလို့ သုံးနှုန်းဖော်ပြထားပါတယ်။

“ဒါက အကြမ်းဖက် စစ်ကောင်စီက သူတို့ကို အသုံးချသွားတာပဲလေ၊စစ်ကောင်စီက သူတို့ ​အမြတ်ထွက်ဖို့ သုံး ချင်သလို သုံးမှာပဲ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေကို KNU ရဲ့ မူဝါဒလမ်းစဉ်အတိုင်း စည်းကမ်း ထိန်းသိမ်းရေးကော်မတီကနေ စိစစ်သွားမှာ ဖြစ် တယ်လို့လည်းသူက ဆိုပါတယ်။

“လုပ်ငန်းစဉ်တွေရှိပါတယ်၊စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေကိုင်တွယ်ပါတယ်၊KNUက အဲလိုမျိုး အလော တကြီးပုံစံမျိုးနဲ့တော့မကိုင်တွယ်တတ်ပါဘူး၊သူ့အဆင့်နဲ့သူတဆင့်ပြီးတဆင့်လုပ်ဆောင်တတ်ပါတယ်”လို့ ပဒိုစော တောနီးက ပြောပါတယ်။

ပဒိုရွှေမောင်းဟာ KNU ကရင်အမျိုးသားအစည်း အရုံး ဒူးပလာယာခရိုင် ဥက္ကဌဖြစ်ပေမယ့် လွန်ခဲ့တဲ့ တနှစ် ကျော် လောက်ကတည်းက ခွင့်ရက်ရှည်ယူထားတာလို့ဆိုပါတယ်။ခွင့်ယူထားတဲ့ကာလအတွင်း ဒုတိယဥက္ကဌ ဖြစ်သူက သူ့ရဲ့ တာဝန်ကို ယူထားပြီး စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကို ခရိုင်အတွင်းရေးမှူးက တာဝန်ယူထားတယ်လို့ ပဒိုစောတာနီးကပြောပါတယ်။

KNU ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်မှာ NCA စာချုပ် စတင်လက်မှတ်ရေးထိုးချိန်ကတည်းက ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ NCA စာချုပ်ပျက်ပြယ်ပြီလို့ အစဉ်တစိုက်ပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ NCAရှစ်နှစ်မြောက် နှစ်ပတ်လည်ပွဲမတိုင်ခင်မှာလည်း အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရော NCA ပါပျက်ပြယ်သွားလို့ NCA လက်မှတ်ထိုးတပ်ဖွဲ့တွေဖြစ်တဲ့ CNF၊ ABSDFတို့နဲ့ အတူပူးတွဲ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲ့ဒီလို NCA ပျက်ပြယ်ပြီလို့ တရားဝင်ထုတ်ပြောနေတဲ့KNU ထိပ်ပိုင်းခေါင်းဆောင်တဦး စစ်ကောင်စီကျင်းပတဲ့ အခမ်းအ နားတွေ တက်ရောက်တာ၊ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံနေတာဟာ မဖြစ်သင့်ဘူးလို့ တော်လှန်ရေးအင် အားစုတွေအကြား ဝေ ဖန်ပြောဆိုတာတွေလည်းရှိနေပါတယ်။

ပဒိုရွှေမောင်းဟာ အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံတပ်တွေ၊တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့အပေါ် လက်ခံလိုခြင်းမရှိဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းသင့်တယ်လို့ ပြောဆိုရပ်တည်ခဲ့သူတဦးဖြစ်ပါတယ်။

KNU နဲ့အတူ NCA ပျက်ပြယ်ပြီလို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသား များတပ်ဦး ABSDF ဟာလည်း အလားတူ အခြေအနေနဲ့ ကြုံခဲ့ရပါသေးတယ်။

NCA ပွဲတက်ဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကိုတက်ရောက်မှာမဟုတ်ကြောင်း ABSDF ကတုံ့ပြန်ထားပေမယ့် ဒုဥက္ကဌ ရဲဘော်မျိုးဝင်းအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးက တက်ရောက်ခဲ့တာကြောင့် အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက် တွေကိုဆန့်ကျင် တယ် လို့ဆိုကာ စစ်ရေး၊နိုင်ငံရေးတာဝန်တွေရုပ်သိမ်းတယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် စစ်ကောင်စီတပ်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဆယ်ဖွဲ့ရှိပြီး အဲဒီထဲက ကရင် အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ NCA ပျက်ပြယ်သွားပြီး ဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကကျူးလွန်နေတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ NCA ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပိုပြီးသေချာသွားစေတယ်လို့လည်း အဲ့ဒီသုံးဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြ ထား ပါတယ်။

အဲ့ဒီလက်နက်ကိုင်သုံးဖွဲ့ဟာ အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။