ဒိုးပင်ရွာ အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်းခြောက်လောင်း တွေ့ရှိ

အောက်တိုဘာ၊ ၁၇

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီး  ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းခြောက်လောင်း တွေ့ရှိခဲ့တယ်လို့ မန္တလေး၊  ပြည်သူကာကွယ်ရေး တပ်မတော် (MDY-PDF) ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်၊ မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၀၁) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ) ၂၅၂ တပ်ရင်းက အင်အား ခြောက်ဆယ် လောက်နဲ့ ဒိုးပင်ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲ တနေ့ကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာမှာကို ရန်သူအလောင်း ခြောက်လောင်း သိမ်းဆည်းရမိတာရှိတယ် ။ရန်သူဖက်က ထိခိုက်ကျဆုံးများမယ်ယူဆရတယ်” လို့ ကိုအော်စမွန်ကဆိုပါတယ်။

ဒါ့အပြင်တိုက်ပွဲပြီးလို့  ပြန်ထွက်သွားတဲ့အခါ မြေပြင်သတင်းအရ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်သာ အကောင်းပကတိကျန်တယ်လို့သိရတဲ့အကြောင်းလည်း ကိုအောင်စမွန်က ဖြည့်စွက်ပြောကြားပါတယ်။

စစ်ကောင်စီတပ်သားအကျအဆုံးနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ပွဲမှာ  ရဲဘော် သုံးဦးကျဆုံးသွားခဲ့တယ်လို့ MDY-PDF ဖက်က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တိုက်ပွဲဖြစ်ပွားမှုနဲ့ PDF တွေကျဆုံးမှုကိုသာ ဖော်ပြထားပေမယ့် စစ်ကောင်စီတပ်သားတွေ သေဆုံးတာကို ထုတ်ပြန်ထားတာမရှိပါဘူး။

MDY-PDF တွေထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်း ခြောက်ခုကို သိမ်းဆည်းရမိတာရှိသလို လက်နက်ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒိုးပင်ရွာအတွင်းရှိ နေအိမ်တလုံးထဲမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို စုပြုံထည့်ပြီး ပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

“ နောက်ဆုံး အလောင်းတွေတောင် သူတို့ ကောက်မနိုင်လို့ ထားခဲ့ရတာတွေရှိတယ်။ အဲဒီအိမ်လည်း နှစ်ဖက် ပစ်ခတ်ကြတော့ အတော်ပျက်ဆီးသွားတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒိုးပင်ရွာက သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသလို လက်ရှိမှာ စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားတဲ့အတွက် ဒေသခံတချို့ ကျေးရွာကို ပြန်လည် ဝင်ရောက်နေထိုင်သူတွေ ရှိတယ်လို့ သူကဆိုပါတယ်။

ဒါအပြင်ထိတွေ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးတာမရှိသလို ဖမ်းဆီး ခံရတာလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွါးပြီးတပတ်လောက်အကြာမှာတော့ ကျေးရွာအနီး နှစ်ဖက်တပ်တွေ ပြန်လည်ဆုတ်ခွါသွားတဲ့အတွက် တိုက်ပွဲဖြစ်ပွါးတာ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

MDY-PDF က စစ်ကောင်စီတပ်ကို တော်လှန်တဲ့ ကနောင်စစ်ဆင်ရေးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒီနှစ် ဇူလိုင်လ လောက်ကတည်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အစပ်မှာ ဖော်ဆောင်နေတာလို့ ကိုအော်စမွန်က ဆိုပါတယ်။

” ကနောင်စစ်ဆင်ရေး ” အစအနေနဲ့ ဇူလိုင်လ ၁၅ ရက်မှာ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄)ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီး ကာကင်းစခန်းကို စီးနင်းခဲ့တယ်လို့ MDY- PDF က စက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

 အဲဒီလို စီးနင်းတိုက်ခိုက်နေချိန် စစ်ကူလာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့သလို ကားလည်း ပျက်ဆီးသွားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

မန္တလေး PDF ဟာ ဒီနှစ်အစောပိုင်းတုန်းကလည်း နောင်ချိုတဝိုက်မှာ ‘သပြေညို စစ်ဆင်ရေး’ ဆိုပြီး နှစ်လကျော်ကြာတဲ့ စစ်ဆင်ရေးတရပ် ဖော်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကျဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်နဲ့ အောက်တိုဘာလ ၁ ရက်ကနေ  ၁၄ ရက်အထိ  မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး တအာင်းတပ်မတော် တည်ရှိရာ ရှမ်းမြောက်ဒေသမှာ ဇူလိုင်က စတင်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

Photo_MDY_PDF