ခင်ဦးမြို့ပေါ်မှာ PDF တပ်ဖွဲ့တွေ တိုက်ခိုက်လို့ စစ်သားသုံးဦးသေဆုံး

အောက်တိုဘာ၊ ၁၇
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ ခင်ဦး-ရေဦး သွားကားလမ်းကွေ့မှာ အောက်တိုဘာလ ၁၇ ရက်၊ ဒီကနေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ခင်ဦးမြို့အလယ်ခေါင် ဗိုလ်ချူပ်ကြေးရုပ်ထုအနီးရှိ ပျူစောထီးခေါင်းဆောင် ဦးမင်းသိုက်ရဲ့ နေအိမ်ကနေ ဆေးရုံကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
” အဲဒီ ပေလမ်းတလျှောက် ထွက်လာတဲ့ သုံးကောင်ကို ရေဦး-ခင်ဦး ကားလမ်းကွေ့အရောက်မှာ တိုက်ခိုက်ခဲ့တာပေါ့နော် ” လို့ သူကပြောပါတယ်။
 
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားသုံးဦးစလုံး သေဆုံးသွားပြီး သူတို့ဆီက MA-1 သေနတ်နှစ်လက်နဲ့ ကျည်ဘောက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဲဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောကြားပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကားနဲ့ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တဲ့အတွက် ပစ်ခတ်ချိန် နှစ်မိနစ်သာ ကြာမြင့်ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့ အရပ်သားတွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် အမျိုးသမီး တဦး ခြေထောက်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ မင်းသိုက် (ပျူစောထီးခေါင်းဆောင်)တိုက်ပေါ်ကနေ စက်သေနတ်နဲ့ ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေတာပဲ။ အခုတောာင် အသံတွေ ကြားနေရတယ်။ ဘယ်သူမှာလည်း မထွက်ရဲဘူး။ ထိခိုက်သူတွေ ဒီထက်လည်း များနိုင်တယ် ဘယ်လောက်ရှိမှန်းသာ မသိရတာ ” လို့ သူကပြောပါတယ်။
 
ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့နယ် ရဲစခန်း၊ ဆေးရုံ နဲ့ ပျူစောထီးခေါင်းဆောင် ဦးမင်းသိုက်နေအိမ်မှာ တပ်စွဲထားသလို အဲဒီနေရာတွေကို မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
လက်ရှိမှာ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာတွေကို ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်သိပ္ပံကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား တရာကျော်လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးဝင်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီပြီး သုံးရက်ဆက်တိုက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။
 
စစ်ကောင်စီတပ်က ရေဦး-ညောင်ပင်သာ ကားလမ်း အနီးတဝိုက် စစ်ကြောင်းဖြန့်ထားမှုကြောင့် အနီးအနားရှိ မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်းပတ် စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဒီလ ၁၅ ရက်ကလည်း ညောင်ပင်ကြီးစုရွာသား အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်းဆိုသူကို ဆိုင်ကယ်နဲ့ ရွာထဲ ပြန်ဝင်လာစဉ် ကျေးရွာစာသင်ကျောင်းအနီးမှာ ပစ်သတ်ခဲ့သလို ရေဦး-ညောင်ပင်သာ ကားလမ်းဘေး မူးတိမ်ချောင်းကူးတံတား အဆင်းအနီး နင်းမိုင်းတွေ ထောင်ထားခဲ့တဲ့အတွက် ဒေသခံတဦး ထိခိုက်မိပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – ခင်ဦးပကဖ