ရေးမြို့မှာ စစ်ကောင်စီတပ်က ခြုံခိုတိုက်လို့ PDF တဦး ကျဆုံး

အောက်တိုဘာ၊ ၁၇
 
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာ အောက်တိုဘာလ ၁၇ ရက်၊ ဒီကနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်က ခြုံခိုတိုက်လို့ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ ညအိပ်တည်းနေတုန်း စစ်တပ်က ဝင်ပစ်တာ။ ပစ်ခတ်မှုက သိပ်မကြာဘူး။ အဲဒီမှာ ရဲဘော်တဦး ကျသွားတယ် ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ခေါင်းဆောင် ဗိုလ်ရန်နိုင်က DNA ကို အတည်ပြုပါတယ်။
 
ဒါ့အပြင် M 16 တလက်၊ M 22 တလက်နဲ့ ဆက်စပ်ပစ္စည်းတချို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေက သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
 
ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပဒဲကောအဖွဲ့ဟာ အောက်တိုဘာလ ၁၆ ရက် ညပိုင်းမှာ ရေးမြို့နယ်၊ စံပြကျေးရွာအလယ်က ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းခိုနေချိန် ဒီကနေ့ မနက် လေးနာရီခန့်က အင်အား သုံးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုက မိနစ်အနည်းငယ် ကြာခဲ့ပြီး အင်အားမမျှတာကြောင့် ပဒဲကောအဖွဲ့က ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
 
“ ကိုယ့်ဘက်ကလည်း အင်အားနည်းနေတာ။ ဝင်ပစ်တော့ အင်အားမမျှတော့ ကျသွားတယ်လို့ ပြောတယ် ” လို့ ဗိုလ်ရန်နိုင်က ပြောပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီကျေးရွာကနေ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ပေမယ့် အဲဒီကျေးရွာပတ်ဝန်းကျင်တွေမှာ ကင်းပုန်းဝပ်ကာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
 
အထိအခိုက်အကျအဆုံး များနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အခုနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ ပြောက်ကျားတိုက်ခိုက်တဲ့နည်းလမ်းကို ပိုမိုအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ အရပ်သားထိခိုက်တာတွေ မရှိပေမယ့် ကျေးရွာအတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ အခု အရပ်သားတွေ ထိခိုက်တာ မကြားရဘူး။ ဒီဘက်က ကရင်ရွာတွေပဲ များတယ်။ တိုက်ပွဲဖြစ်ရင် ပြေးလိုက်၊ ငြိမ်ရင် ပြန်လာလိုက်ပဲ လုပ်နေကြတယ်။ တိုက်ပွဲပဲ ထပ်ဖြစ်မှာကြောက်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်