မိုးလွန်ကာလ ဖျက်မိုးတွေ ရွာနိုင်သေးလို့ တောင်သူတွေ ပြင်ဆင်ကြဖို့ သတိပေး

အောက်တိုဘာ၊ ၁၇
 
မြန်မာနိုင်ငံကနေ မုတ်သုံလေ ဆုတ်ခွာပြီးဖြစ်ပေမယ့် မိုးလွန်ကာလမှာ အခါလွန်ဖျက်မိုးတွေ ရွာနိုင်သေးတဲ့အတွက် သီးနှံရိတ်သိမ်းချိန်ကို အခက်တွေ့စေနိုင်လို့ သတိထားကြဖို့ လိုအပ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန အပါအဝင် မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
 
” မိမိ သီးနှံတွေ ပိုမိုဆုံးရှုံးခြင်း မဖြစ်ရလေအောင် သတိထားပြီး ပြင်ဆင်ကြပါလို့ အသိပေးတင်ပြလိုက်ပါတယ် ” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတဆင့် သတိပေးထားပါတယ်။
 
အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကနေ ဆုတ်ခွားခဲ့ပြီ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကနေ အောက်တိုဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
မုတ်သုံဆုတ်သွားပြီးတဲ့နောက် နိုဝင်ဘာလကုန်အထိ မိုးလွန်ရာသီဖြစ်ပြီး ရေကြီးရေလျှံမဖြစ်ရင်တောင် တောင်သူတွေ သီးနှံရိတ်သိမ်းချိန်ကို အခက်အခဲတွေ့စေမဲ့ အခါလွန်မိုး (ဒါမှမဟုတ်) ဖျက်မိုးတွေဟာ လာမယ့် ၁၉ ရက်နောက်ပိုင်းကစပြီး ရွာနိုင်မယ့်အခြေအနေ တွေ့နေရပြီဖြစ်တယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
 
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းတွေနဲ့ အရှေ့ဘက်က ဝင်ရောက်လာမယ့် အရှေ့လေပွေလှိုင်းတွေက သယ်ဆောင်လာမယ့် မိုးတိမ်တွေကြောင့် အဲဒီလို မိုးရွာသွန်းမှုတွေ ဖြစ်နိုင်တာလို့ သူက ရှင်းပြပါတယ်။
 
နောက်ငါးရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ မိုးများနိုင်ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးအောက်ပိုင်းနဲ့ နေပြည်တော်တို့မှာလည်း မိုးအသင့်အတင့် ရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ဒီနေ့မှာ ခန့်မှန်းထားပါတယ်။
 
အခုအချိန်ဟာ စပါးဖူးချိန်၊ စပါးမှည့်ချိန်ဖြစ်လို့ အဲဒီလို မိုးတွေ ရွာသွန်းလာမယ်၊ လေပြင်းတွေ တိုက်ခတ်လာမယ်ဆိုရင် အထိအခိုက်တွေများပြီး စပါးအထွက်နှုန်းလည်း သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လယ်သမားတွေက ပြောကြပါတယ်။
 
” စပါးတွေ ဖူးတုန်း၊ သီးတုန်းဖြစ်တယ်၊ မိုးများများ ရွာသွန်းရင်တောင်မှ စပါးပင်တွေ လဲနိုင်တယ်။ လေပြင်းလေး နည်းနည်းတိုက်လိုက်တာနဲ့တောင် ထိခိုက်နိုင်တယ်။ လဲသွားမယ်ဆိုရင် အစေ့အဆံ မအောင်တော့ဘူး။ အစေ့အဆံမာပြီး၊ အောင်ပြီးသား စပါးတွေဆိုရင်လည်း ရေထဲမှာကို အပင်ပေါက်ပြီး အကုန်ပျက်စီးသွားနိုင်တယ် ” လို့ ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောပါတယ်။
 
ရိတ်သိမ်းချိန်မတန်မီ မိုးရွာသွန်းခဲ့ရင် ဘာမှ ပြင်ဆင်လို့မရပေမယ့် ရိတ်သိမ်းချိန်တန်နေပြီးတဲ့ စပါးခင်းတွေကိုတော့ အချိန်မှီရိတ်သိမ်းထားကြလို့ ရတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။
 
ဒါပေမယ့် ရိတ်သိမ်းခြွေလှည့်စက်တွေ အလုံအလောက်မရှိဘဲ လူအင်အားနဲ့သာ ရိတ်သိမ်းနေကြရတာမို့ မြန်မြန်ဆန်ဆန်ရိတ်သိမ်းဖို့ကလည်း အဆင်မပြေနိုင်ဘူးလို့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စပါး ဧက သုံးဆယ်လောက် စိုက်ပျိုးထားတဲ့ အသက်ငါးဆယ်အရွယ် လယ်သမား ဦးကျော်သောင်းက ပြောပါတယ်။
 
” အစိုးရဆီက ခြွေလှည့်စက်တွေ စျေးသက်သက်သာနဲ့ ချပေးရင်တော့ အဆင်ပြေကြမှာပေ့ါ ” လို့ ၎င်းက ဆိုပါတယ်။
 
အရည်အသွေးရှိတဲ့ စပါးရိတ်သိမ်းခြွေလှေ့စက်တွေဟာ သိန်းရာဂဏန်းရှိတဲ့အတွက် တောင်သူအများစု လက်လှမ်းမမှီနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သွင်းအားစုစရိတ်ကြီးမြင့်မှုတွေကြောင့် စပါးစိုက်ဧကနဲ့ အထွက်နှုန်းကလည်း ကျဆင်းလာနေတယ်လို့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောထားကြပါတယ်။
 
ဒါ့အပြင် အခုရက်ပိုင်းအတွင်းကလည်း ပဲခူးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ ရေကြီးရေလျှံဖြစ်ပွားလို့ စပါးခင်းစိုက်ဧကပေါင်း သိန်းချီ ပျက်စီးခဲ့ကြရတယ်လို့ လယ်သမားတွေနဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
 
မိုးနှောင်းကာ လမှာ ထပ်ပြီး မိုးများပြီးလေပြင်းတိုက်ခတ်မယ်ဆိုရင် လယ်သမားတွေအတွက် ပိုပြီး အထိအခိုက်တွေ ရှိလာနိုင်ကာ အထွက်နှုန်းတွေလည်း ကျဆင်းသွားနိုင်တယ်လို့ လယ်သမားတွေက ပြောကြပါတယ်။
 
ရာသီဥတုကြောင့် သီးနှံတွေ အပျက်အစီးရှိခဲ့ရင် အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးရမယ်လို့ တောင်သူလယ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေမှာ ပြဌာန်းထားပေမယ့် အဲဒီလို အကူအညီ မရသလောက်အနေအထား ဖြစ်တယ်လို့ ဆိုကြပါတယ်။
 
ဧရာဝတီတိုင်းအတွင်းမှာဆိုရင်လည်း လယ်သမားအများစု စပါးရိတ်သိမ်းလို့ မပြီးကြသေးတဲ့အတွက် မိုးရွာလာမယ်ဆိုရင် စပါးအရည်အသွေးအပေါ် ထိခိုက်မှု ရှိလာနိုင်ပြီး စျေးကောင်းမရ ဖြစ်သွားနိုင်တယ်လို့ ဆိုကြပါတယ်။
 
” မြေနိမ့်ပိုင်းတွေမှာ လဲတာတို့၊ ဘာတို့ ရှိနိုင်တယ်။ အရည်အသွေးကျရင် အရှုံးပေါ်မယ်။ အစိုးရက သတ်မှတ်ထားတဲ့ ကြမ်းခင်းစျေး (စပါးတင်းတရာကို ၇၅၀,ဝဝဝကျပ်) ကလည်း အရင်းတောင်မရှိဘူးဆိုတော့လေ ” လို့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က စပါးစိုက်ဧက နှစ်ဆယ်လောက်လုပ်ကိုင်တဲ့ အသက်လေးဆယ်ကျော် လယ်သမားတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – AFP