အောက်တိုဘာ၊ ၁၇
ဆေးရုံတွေမှာ ဆေးဝါးနဲ့ တခြား အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်လာမှုကြောင့် လူထောင်နဲ့ချီ သေဆုံးနိုင်တယ်လို့ ဂါဇာ အခြေစိုက် ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။
အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်အခြေစိုက် စခန်းတွေကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသလို မြေပြင်ထိုးစစ် အစပြုဖို့လည်း ပြင်ဆင်နေပါတယ်။ ပြီးတော့ ဟားမားစ်တွေအတွက် ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဂါဇာကို တင်ပို့တဲ့ ဆေးဝါး၊ ရိက္ခာနဲ့ တခြား လူသားချင်း စာနာမှု အကူအညီတွေ အားလုံးကို အစ္စရေးက အဝင်မခံဘဲ ပိတ်ဆို့ထားလိုက်ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါလက်စတိုင်း အရပ်သား ပြည်သူတွေ အများအပြား ထိခိုက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ဆေးရုံတွေဆီ တပြုံတမ ရောက်ရှိနေပါတယ်။ အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆေးရုံတွေမှာ ဆေးဝါး ပြတ်လပ်ပြီး နောက်ဆိုရင် အရန်သိုလှောင်ထားတဲ့ စက်သုံးဆီပါ ကုန်တော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ လောလောဆယ် အစ္စရေးက ဂါဇာကို လျှပ်စစ်မီးနဲ့ အင်တာနက် ကွန်ရက်တွေလည်း ဖြတ်တောက်ထားပါတယ်။
ဆေးတွေလည်း ကုန်သွားပြီး လျှပ်စစ်မီးလည်း လုံးဝ မရတော့ဘူးဆိုတဲ့ အခြေအနေရောက်ရင် ဆေးရုံက လူနာတွေ အများအပြားကို လက်လွှတ်လိုက်ရလိမ့်မယ်လို့ ဂါဇာမှာ လှုပ်ရှားနေတဲ့ လခြမ်းနီ အသင်းက ပြောပါတယ်။
ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ၂၆၇၀ ထက်မနည်းသေပြီး ၉၆၀၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်တုန်းက သီတင်း ၆ ပတ် ကြာမြင့်ခဲ့တဲ့ ဂါဇာစစ်ပွဲထက် ပိုများတဲ့ ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေ ဖြစ်လာပါတယ်။
အစ္စရေးရဲ့ အဓိက စစ်ရေးမဟာမိတ် အမေရိကန်ကတော့ အစ္စရေးဟာ ကျူးကျော် ရန်စခဲ့သူ ဟားမားစ်တွေကို တုံ့ပြန်ဖို့ အခွင့်အရေး အပြည့်ရှိကြောင်း ထောက်ခံခဲ့ပေမယ့် ပါလက်စတိုင်း ပြည်သူတွေကို အထိနာစေမယ့် လုပ်ရပ်တွေ တမင်တကာ မကျူးလွန်ဖို့ လေးလေးနက်နက် သတိပေးထားပါတယ်။
Ref: AFP