ဘယ်လ်ဂျီယမ်မှာ ဆွီဒင် ဘောလုံးပရိသတ်နှစ်ဦး ပစ်သတ်ခံရ၊ ကျူးလွန်သူ လွတ်မြောက်နေ

အောက်တိုဘာ၊ ၁၇

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဘောလုံးပွဲ လာရောက် အားပေးတဲ့ ဆွီဒင် ပရိသတ်နှစ်ဦး ပစ်သတ် ခံခဲ့ရကြောင်း သိရပါတယ်။

ဒီသတင်းဟာ ပုံမှန်အားဖြင့် အေးချမ်းတဲ့ ဥရောပ ဒေသတွင်း နိုင်ငံတွေကို တုန်လှုပ်စေခဲ့ပြီး ဘရပ်ဆဲလ်မှာ ယှဉ်ပြိုင်နေတဲ့ ဘယ်လ်ဂျီယမ်-ဆွီဒင် ဥရောပဖလား ခြေစစ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဘရပ်ဆဲလ် ရဲတပ်ဖွဲ့ကတော့ အခုဖြစ်စဉ်ကို အကြမ်းဖက် မှုခင်းတခုအဖြစ် သတ်မှတ် ကြေညာထားပြီး ဒေသတွင်းမှာ အကြမ်းဖက် အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ပါတယ်။

သေနတ်သမားဟာ ချေမှုန်းရေး ရိုင်ဖယ် တလက်ကို ကိုင်ဆောင်ထားပြီး လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သူဟာ အရမ်း အန္တရာယ်ကြီးတဲ့ အခြေအနေမျိုး ဖြစ်လို့ ပြည်သူတွေ သတိထားကြဖို့လိုကြောင်း ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ 

အယ်လ်ဘေးနီးယား နိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အောက်တိုဘာ ၁၆ ရက်နေ့က သတင်းကြောင့် ဥရောပ တတိုက်လုံး တုန်လှုပ်နေကြောင်း ပြောပါတယ်။

ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အဲရစ် ဗန်ဒူဆီက ပြည်သူတွေ အနေနဲ့ လက်ရှိ အန္တရာယ်ကို သုတ်သင်ရှင်းလင်းမှု မပြီးခင် အိမ်ထဲမှာပဲ အတတ်နိုင်ဆုံး နေကြဖို့ တိုက်တွန်းထားပါတယ်။

သေနတ်သမားလို့ ယူဆရတဲ့ အမျိုးသားဟာ လူမှုကွန်ရက်ပေါ် ဗီဒီယိုတခု တင်ထားပြီး သူက အိုင်အက်စ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ကို ထောက်ခံတယ်လို့ အာရပ်ဘာသာနဲ့ ပြောဆိုထားတာ တွေ့ရပါတယ်။ သူက လူ ၃ ယောက်ကို သတ်ပစ်ခဲ့ပြီးပြီလို့လည်း ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။

ဒါပေမဲ့ ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့ကတော့ သေဆုံးသူတွေဟာ ဆွီဒင်နိုင်ငံသား နှစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ တိုက်ခိုက်မှုအပြီးမှာ လွှင့်တင်ခဲ့တယ် ဆိုတာကို ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ 

ဘယ်လ်ဂျီယမ် သတင်းဌာနတွေက သေဆုံးသူ ၂ ဦးဟာ ဆွီဒင် လက်ရွေးစင် ဘောလုံးအသင်းရဲ့ ဂျာစီတွေကို ဝတ်ဆင်ထားခဲ့ကြကြောင်း ဖော်ပြပါတယ်။ ဆွီဒင်နဲ့ ဘယ်လ်ဂျီယမ် အသင်းတို့ ယှဉ်ပြိုင်ကစားနေပြီး ပွဲချိန်တဝက်မှာ သတင်းဆိုး ရောက်လာတဲ့နောက် ဆွီဒင် အသင်းက ကစားသမားတွေဟာ ဆက်လက် ယှဉ်ပြိုင်ချင်စိတ် မရှိတော့ဘူးလို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ဆီ အသိပေးခဲ့ပြီး ဘယ်လ်ဂျီယမ် အသင်းကလည်း နားလည် လက်ခံပေးခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် အလက်ဇန္ဒားဒီခရူးက အခု အကြမ်းဖက် တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ နာကျင် ခံစားရကြောင်း ပြောပါတယ်။ နောက်ပြီး ဆွီဒင်နဲ့ ဘယ်လ်ဂျီယမ်တို့ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဖြိုခွင်းဖို့အတွက် နီးနီးကပ်ကပ် ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဒီခရူးက ကြေညာခဲ့ပါတယ်။

 

Ref: BBC