တနင်္သာရီမှာ PDF တွေက စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၊ ၁၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်ဆေးရေးဂိတ်စခန်းကို ဒီလ ၁၄ ရက်၊မနက် ၁၀ နာရီခန့်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီစစ်သား သုံး ဦး သေဆုံးပြီးဒဏ်ရာရသူတွေရှိတယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့(တနင်္သာရီ)က ထုတ်ပြန်ထားပါတယ်။

” ရှေ့တန်းက ရဲဘော်တွေက သူတို့ပစ်လိုက်တာ နေရာမှာ တင် (စစ်ကောင်စီတပ်သားတွေ)လဲကျတာကို တွေ့လိုက်ရတာ  ” လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တနင်္သာရီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေအကျအဆုံးအထိအခိုက်နဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တော်လှန်ရေးပူးပေါင်းအင်အားစုတွေက အဲဒီစစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ပြည်သူတွေကို အစစ်အဆေးတင်းကျပ်ဖမ်းဆီးမှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ရိက္ခာလမ်းကြောင်းကို ပိတ်ဆို့နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

နှစ်ဖက်ထိတွေ့မှု တနာရီနီးပါးကြာဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ် ဘက်ကလက်နက်ကြီး ၊လက်နတ်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်  တောင်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်အကျဆုံး မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

အဲဒိ ပစ်ခတ်တိုက်ခိုက်မှုကို တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ ၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ( တနင်္သာရီ )နဲ့  မြိတ်ခရိုင် တပ်ရင်း၂ – တပ်ခွဲ၁ ၊၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အလားတူပဲ စက်တင်ဘာလ ၂၈ ရက်မှာလည်း   တနင်္သာရီမြို့နယ် ၊ ခမရ ( ၅၆၁ ) တပ်အနီးရှိ ၊ ညောင်ပင်းကွင်းကျေးရွာ ၊ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်ကို  တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ မရှိဘဲ ဗိုလ်ချုပ်ကြေးရုပ် အနီးက  စစ်ဆေးရေးဂိတ်ကို  အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမှုတင်းကျပ်နေတယ်လို့ သိရပါတယ်။