ဟက်ဇ်ဘိုလာတွေနဲ့ တင်းမာမှုကြောင့် လက်ဘနွန် နယ်စပ်ကို စစ်ဆင်ရေး နယ်မြေအဖြစ် အစ္စရေး သတ်မှတ်ထား

အောက်တိုဘာ၊ ၁၆

ဟက်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့နောက် အစ္စရေးဟာ နိုင်ငံမြောက်ပိုင်းက လက်ဘနွန်နဲ့ နယ်စပ်ကို စစ်ဆင်ရေးဇုန်အဖြစ် ကြေညာပြီး အရပ်သားတွေ ဖြတ်သန်း သွားလာခွင့်ကိုလည်း ပိတ်ထားလိုက်ပါတယ်။

အစ္စရေး အနောက်တောင်ပိုင်းက ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ စစ်ခင်း တိုက်ခိုက်နေကြတဲ့ အချိန် မြောက်ပိုင်းမှာလည်း ဟက်ဇ်ဘိုလာတွေရဲ့ ရန်လိုမှုကြောင့် အခြေအနေတွေ တင်းမာနေတာ ဖြစ်ပါတယ်။ ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အီရန် အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေပါ။

အစ္စရေး-ဟားမားစ် စစ်ပွဲကြောင့် အစ္စရေးမှာရော၊ ပါလက်စတိုင်းမှာပါ လူထောင်နဲ့ချီ သေဆုံးပြီး အခြေအနေတွေ ဆိုးရွားနေချိန် အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ တင်းမာမှုတွေက အရှေ့အလယ်ပိုင်းမှာ ပိုမို ကျယ်ပြန့်တဲ့ ပဋိပက္ခတွေ ဖြစ်လာစေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာတော့ အစ္စရေးက လက်ဘနွန်နဲ့ နယ်စပ် ၄ ကီလိုမီတာလောက်ထိ အကွာအဝေးကို ဘယ်လို အကြောင်းပြချက်နဲ့မှ အရပ်သားတွေ ချဉ်းကပ်မလာဖို့ သတိပေးခဲ့ပြီး တွေ့ရှိတာနဲ့ ပစ်ခတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် လက်ဘနွန်နဲ့ နယ်စပ်နားက အစ္စရေး မြို့ရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ဖို့ တိုက်တွန်းထားပြီး လိုအပ်လာရင် ဗုံးခိုကျင်းတွေဆီ ချက်ချင်း ရွှေ့ပြောင်းနိုင်ဖို့ ညွှန်ကြားထားပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ဟက်ဇ်ဘိုလာတွေဖက်က ပစ်ခတ်မှုကြောင့် အစ္စရေးမှာ ၁ ဦးသေဆုံးပြီး အစ္စရေး စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ 

ဟက်ဇ်ဘိုလာကတော့ အဲဒီမတိုင်ခင် တရက်က အစ္စရေးရဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးနဲ့ Reuters သတင်းဌာနရဲ့ ကင်မရာသမားတဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်စားချေတာလို့ ပြောပါတယ်။ Reutersရဲ့ ဝန်ထမ်းဟာ အစ္စရေး-လက်ဘနွန် နယ်စပ်နားမှာ သတင်းယူနေချိန် အစ္စရေးဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာပါ။

ဗီဒီယို မှတ်တမ်းတွေအရ အစ်ဇမ် အက်ဘ်ဒယ်လာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သတင်းမီဒီယာသမားတွေဆိုတာ ဖော်ပြတဲ့ Pressဆိုတဲ့ စာတန်းပါ ဝတ်စုံတွေ သေသေချာချာ ဝတ်ထားပေမယ့် အစ္စရေးဖက်က ပစ်ခတ်မှုကို ခံခဲ့ရကြောင်း အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အစ္စရေး အစိုးရကတော့ အဲဒီကိစ္စကို ပွင့်လင်းမြင်သာမှု အပြည့်နဲ့ စုံစမ်းသွားမယ်လို့ ပြောပါတယ်။

လက်ဘနွန်နဲ့ နယ်စပ်ကို စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီး တပ်လှန့်ထားလိုက်တာက အစ္စရေးဟာ လက်ရှိ ပဋိပက္ခမှာ လိုအပ်လာရင် ဒုတိယ စစ်မျက်နှာ ထပ်ဖွင့်ဖို့ အသင့်ပြင်ဆင်ထားကြောင်း မြင်သာတဲ့ ခြေလှမ်းတခု စတင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီအတောအတွင်း အစ္စရေးဟာ ဆီးရီးယားမှာ လေတပ်အခြေစိုက် စခန်းအဖြစ်ပါ အသုံးပြုတဲ့ လေဆိပ်တွေမှာ လေယာဉ် ပြေးလမ်းတွေကို ကြိုတင် လက်ဦးမှုယူ ဗုံးကြဲ ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ အီရန်က ဆီးရီးယားကို အခြေပြုပြီး စစ်ထဲ ဝင်မလာနိုင်အောင် ဟန့်တားတဲ့ အစီအမံ တခုအဖြစ် လေ့လာသူတွေက သုံးသပ်ပါတယ်။ အီရန်က စစ်ပွဲမှာ ကိုယ်တိုင် ပါဝင် တိုက်ခိုက်မယ်လို့ တရားဝင် ကြေညာမထားပေမယ့် ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ မရပ်ဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

 

Ref: Al Jazeera